၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့ NLD ရုံး ပေါက်ကွဲမှုမဖြစ်မီ ရုံး တံခါးကို သံဖြတ်လွှ နဲ့ဖြတ်ပြီး လူ၃ဦး ဝင်ရောက် သွား ခဲ့တယ်လို့ ကျိုက်ထိုမြို့ပေါ်နေ Delta News Agency ရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
‘မြင်တဲ့လူတွေက ကျွန်တော်တို့ကို ပြန်ပြောတာပေါ့။လူ၃ယောက်က အေးအေးဆေးဆေး ရုံးတံခါးကိုသံဖြတ်လွှ နဲ့ ဖြတ်ပြီးတော့ နောက်ထပ်လူနှစ်ယောက်အထုပ်အမည်းတစ်ထုပ်နဲ့ထပ်ရောက်လာပြီး ရုံးထဲဝင်သွားတယ်။ပြန်လာ တော့ အထုပ်ပါမလာတော့ဘူး။သူတို့ပြန်သွားပြီး ခဏကြာတော့ ပေါက်ကွဲတယ်’လို့ သူကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ရုံးအပြင်ဘက် မှန်တံခါးနဲ့ ဆိုင်းဘုတ်ပျက်စီးသွားတာတွေ့ရပြီး အတွင်းပိုင်း ပျက်စီးမှုပမာဏ ကိုတော့ အထဲဝင်ကြည့်ခွင့်မရှိလို့ မသိရဘူးလို့ဆိုပါတယ်။
‘ရုံးကိုပိတ်ထားတာအာဏာသိမ်းပြီးကတည်းကပါ။ရုံးမှာ လူမနေပါဘူး။၁၁နာရီကျော်အချိန်မှာ NLD ရုံးတံခါးကို စိတ်အေးလက်အေးနဲ့ သံဖြတ်လွှနဲ့ ဖြတ်ရဲတာ ရိုးရိုးသူခိုးမဟုတ်တာ ပြည်သူတိုင်းသိပါတယ်။ဒီအချိန်ဒါမျိုးလုပ် တာ စစ်သူခိုးတွေပဲရှိပါတယ်။’လို့ သူကဆက်ပြောပါတယ်။
ဗုံးပေါက်ပြီး မကြာမီ စစ်ကား၃စီးရောက်လာပြီး လာကြည့်သွားပေမဲ့ အရင်ပေါက်ကွဲမှုဖြစ်တိုင်းလုပ်လေ့ရှိတဲ့ အနီးဝန်းကျင်အိမ်တွေကို စစ်ဆေးတာမျိုး၊အခင်းဖြစ်နေရာအနီးမှာတွေ့တဲ့လူတွေကို ဖမ်းတာမျိုး လုံးဝမလုပ်ဘဲ ပြန်သွားတယ်လို့သိရပါတယ်။
‘ရုံးခန်းထဲက ပစ္စည်းတွေကို ခိုးသွားသလားတော့ မသိဘူး။မြင်တဲ့သူတွေက ခပ်လှမ်းလှမ်းကပဲ မြင်ကြလို့ မသိ တာ’လို့ သူကဆက်ပြောပါတယ်။
ကျိုက်ထိုမြို့လူမှုကွန်ရက်မှာတော့ ယမန်နေ့ည ၁၁နာရီ၄၅မိနစ်လောက်မှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုNLD ရုံးဟာကော့စံနိုင်ရပ်ကွက်၊ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး မှာတည်ရှိတဲ့ နှစ်ထပ်အ ဆောက်အဦဖြစ်ပြီးဆောက်လုပ်ပြီးစီးတာတစ်နှစ်ကျော်သာရှိသေးတဲ့ ပါတီပိုင်အ ဆောက်အဦဖြစ်ပါတယ်။