ဖိအားပေးမှုတွေ အပြင်းအထန် ခံနေရပေမယ့် နည်းပြရာထူးအတွက် ဆိုးလ်ရှားစိတ်ချနေရသေး

၂၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် ရလဒ်တွေဟာ ဆိုးရွားလွန်းခဲ့တဲ့အပြင် ခြေစွမ်းပိုင်းကလည်း အားရစရာ မရှိခဲ့လို့ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ နှစ်ပွဲရှုံးပြီး ရမှတ်က တစ်မှတ်ပဲ ရရှိခဲ့တဲ့ အခြေအနေကြောင့် နည်းပြဆိုးလ်ရှားရဲ့ နေရာမှာ နောက်ထပ် ထိပ်တန်းနည်းပြတစ်ဦးအစားထိုးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားဟာ သူ့ရဲ့ လက်ထက်မှာ မန်ယူအသင်းဟာ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောစကားအပြင် နောက်ကွယ်မှာလည်း အသင်းအုပ်ချုပ်သူတွေက ဆိုးလ်ရှားကို ထောက်ခံထားပါသေးတယ်။

ဒါကြောင့် အခုရက်ပိုင်းအတွင်း ဆိုးလ်ရှားရဲ့နည်းပြရာထူးဟာ လှုပ်ခတ်မှုတွေ ရှိနေတယ်ဆိုပေမယ့် မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဆိုးလ်ရှားဘက်က ရပ်တည်မှုရှိနေတာကြောင့် ဒီနော်ဝေးသားရဲ့ နည်းပြနေရာက စိတ်ချနေသေးတယ်လို့ သတင်းတွေက သုံးသပ်ရေးသားလာကြတာပါ။ 

ဒါပေမဲ့ ဒီကနေ့ည ၁၀နာရီမှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ နည်းပြဆိုးလ်ရှားအတွက် ထပ်ပြီး အစမ်းသပ်ခံရမယ့် အနေအထားဖြစ်ပြီး ဖိအားတွေ ပြန်လည်ကင်းနိုင်ဖို့အပြင် နည်းပြနေရာအတွက် သက်သေပြရမယ့် ပွဲလည်း ဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ဒီကနေ့ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း အပြည့်အဝ ယုံကြည်ထားတယ်လို့ အသိပေးခဲ့ပါတယ်။