၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။
ဟောင်ကောင်က အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုရဲ့ အကြီးတန်းဘဏ်အရာတစ်ဦးအိမ်ကို သူခိုး ဖောက်ထွင်းဝင်ရောက်ခဲ့လို့ တန်ကြေး ဘတ် ၁.၉ သန်းလောက်ရှိတဲ့ အတွင်းပစ္စည်းတွေ ပါသွားခဲ့ပါတယ်။
ဘန်ကောက်ပို့စ် သတင်းဌာနကတော့ သူခိုးဟာ ထိုင်းဘတ်ငွေ ၁.၉ သန်းလောက် တန်ကြေးရှိတဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ခိုးယူဖောက်ထွင်းယူဆောင်သွားခဲ့တာဖြစ်ပြီး လွယ်လွယ်ကူကူပဲ လွတ်မြောက်သွားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
သူခိုးဟာ အထပ်မြင့် ၂၀ လောက်ရှိတဲ့ ဘဏ်အရာရှိနေထိုင်တဲ့ တိုက်ခန်းကို အဆောက်အအုံရဲ့ ရေဆင်းပိုက်လိုင်းတွေကတဆင့် တွယ်တက်ခဲ့ပြီး အတွင်းပစ္စည်းတွေကို ဖောက်ထွင်းယူခဲ့တာပါ။
အခိုးခံရတဲ့ အကြီးတန်းဘဏ်အရာရှိဟာ သူ့ရဲ့ ဗီရိုထဲမှာသိမ်းဆည်းထားတဲ့ လက်ဝတ်ရတနာတွေနဲ့ဟောင်ဒေါ်လာတွေပါသွားခဲ့တာဖြစ်ပြီး အခိုးခံလိုက်ရတဲ့ တန်ကြေးစုစုပေါင်းဟာ ဘတ်ငွေနဲ့တွက်ရင် ၁.၉ သန်းလောက် ရှိတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပါတယ်။
ဘဏ်အရာရှိနဲ့ သူ့ရဲ့ဇနီးတို့ တိုက်ခန်းက ထွက်သွားချိန်မှာ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ တိုက်ခန်းကို ပြန်ရောက်ချိန်မှာတော့ ဗီရိုထဲမှာ ထည့်သိမ်းထားတဲ့ အတွင်းပစ္စည်းတွေ ပါသွားခဲ့တာပဲဖြစ်ပါတယ်။
ဒီဖောက်ထွင်းမှုကတော့ အောက်တိုဘာလ ၂၀ ရက်နေ့ ဗုဒ္ဓနေ့မှာ ဖြစ်ခဲ့တာပါ။
“ကနဦး စုံစမ်းမှုတွေအရတော့ ခန့်မှန်းခြေ ဟောင်ကောင်ဒေါ်လာ ၂ သိန်းခွဲအပြင် နိုင်ငံခြားငွေတွေနဲ့တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ပါသွားတာပါ”လို့ ဟောင်ကောင်ရဲအရာရှိတွေ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိတော့ ဟောင်ကောင်က ရဲအရာရှိတွေဟာ ဖောက်ထွင်းမှုနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေပြုလုပ်နေပေမယ့် သူခိုးဟာ ချိန်သားကိုက်လှုပ်ရှားမှုနဲ့ ဖောက်ထွင်းမှုကို ပိပိရိရိ လုပ်ဆောင်ခဲ့လို့ သူခိုးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေရဆဲဖြစ်ပါတယ်။