ပြင်သစ်မှာ ကိုဗစ် ပဉ္စမလှိုင်းစတင်ပြီလား

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်ကစပြီး ကိုဗစ်ဖြစ်ပွားမှု ဆက်တိုက်ကျဆင်းခဲ့တဲ့ ပြင်သစ်နိုင်ငံဟာ အခု အောက်တိုဘာလထဲမှာတော့ ကူးစက်မှုသစ်တွေ ထပ်ဖြစ်လာလို့ ကိုဗစ်ပဉ္စမလှိုင်းပုံစံအဖြစ် အသွင်ကူးပြောင်းလာခဲ့ပါပြီ။

အောက်တိုဘာ ၉ ရက်နေ့မှာ ပျမ်းမျှကူးဆက်မှု အနိမ့်ဆုံး ၄၁၇၂ အထိ ကျဆင်းသွားခဲ့ပေမယ့် ၄၆၄၇ အထိ ကူးစက်မှုဟာ အတက်ဘက်ကို ပြန်ပြခဲ့ပါတယ်။

နောက်ဆုံး ရက်သတ္တပတ်အတွင်းမှာတော့ ကိုဗစ်ကူးစက်မှုအသစ် ၁၁.၅ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တစ်ပတ်အတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ရတာပါ။

ပြင်သစ်နိုင်ငံဟာ ရောဂါစတင်ချိန်ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်ကြောင့် လူပေါင်း တစ်သိန်းတစ်သောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။

မကြာသေးခင်က ပြင်သစ်အစိုးရဟာ နိုင်ငံအတွင်း နှာခေါင်းနဲ့ ပါးစပ်စည်း (Mask) တွေ ဝတ်ဆင်ရမယ့် ကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်တဲ့ အခြေအနေဟာလည်း ကူးစက်မှုကို ပြန်လည် မြင့်မားစေတဲ့ အကြောင်းအရင်တစ်ချက်အဖြစ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံအတွင်း ကျောင်းသင်ကြားရေး အတန်းအစီအစဉ် ၁၁၈၀ လောက်ကို ပိတ်ထားလိုက်ရပါပြီ။

ဒါကြောင့် အခုလို နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကို အစိုးရအနေနဲ့ အချိန်မီ အစီအမံတွေ မပြုလုပ်နိုင်ရင် ဒီထက် ပိုမိုဆိုးရွားတဲ့ ကူးစက်မှုအခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိလာခဲ့ပါတယ်။