၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။
ချင်းပြည်နယ် ဟားခါးမြို့ကို အင်အားဖြည့်တင်းဖို့ ဖလမ်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုက သေဆုံးထိခိုက်မှု များပြားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ကို စစ်အုပ်စုက သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ကျော် အောက်တိုဘာ ၁၂ရက်က ရောက်ရှိလာတာဖြစ်ပြီး ဟားခါးဘက်ကို အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီလို ကြိုးပမ်းနေတဲ့ စစ်အုပ်စုကို CNF လက်အောက်ခံ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့က ခုခံတိုက်ခိုက်ခဲ့လို့ ဖလမ်းကနေ ၄၅မိုင်သာ ကွာဝေးတဲ့ ဟားခါးကို တစ်ပတ်ကြာတဲ့အထိ စစ်အုပ်စုက မရောက်နိုင်သေးဘဲ ဖြစ်နေတာပါ။
အောက်တိုဘာ ၁၃ရက်မှာ ဖလမ်းက ထွက်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာမှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နဲ့ ၃၀ အကြားသေဆုံးနိုင်တယ်လို့ ဆလိုင်းထက်နီက ခန့်မှန်းပါတယ်။
စစ်အုပ်စုက ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲံပြီး စစ်ကား ၁၆စီး ပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းလက်နက်ကိုင်တပ်ဘက်က ၁ဦးသာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ပုံစံက ခြုံခိုတိုက်ပွဲ ပုံစံနဲ့ တိုက်တာ ဆိုတော့ ကျွန်တော်တို့ဘက်က အကုန် အကာအကွယ်တွေကြိုတင်ယူထားတာမျိုး နယ်မြေကျွမ်းကျင်တာမျိုးရှိတယ်ဆိုတော့ အထိအခိုက်က တော်တော်နည်းသွားတာဖြစ်တာပေါ့”လို့ ဆလိုင်းထက်နီက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုတွေဟာ တဖြည်းဖြည်း ရှေ့ဆက်တိုးလာနေတယ်လို့လည်း သူက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာကိုလည်း စစ်အုပ်စုက မင်းတပ်မြို့က တစ်ဆင့်အင်အား ဖြည့်တင်းဖို့ ဆောင်ရွက်နေတာကို ချင်းလက်နက်ကိုင်တပ်တွေက တားဆီးတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
အဆိုပါ လမ်းပိုင်းကို သွားလာနိုင်ဖို့ မတူပီက စစ်အုပ်စုတွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေလို့ ကလေးငယ် ၁ဦးအပါအဝင် အရပ်သားအချို့ သေဆုံးထိခိုက်မှုတွေရှိနေတယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။ စစ်အုပ်စုတွေ ဝင်လာရင်ခုခံတိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့လည်းသူကဆိုပါတယ်။
ချင်းမြောက် ဖလမ်း-ဟားခါးလမ်းတလျှောက် ကျေးရွာအချို့က နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့လို့ ခရစ်ယာန် ဘုရားကျောင်း အပါအဝင် အဆောက်အဦ ၂၄လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ချင်းဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အထိနာခဲ့လို့ စစ်အင်အားတွေ ဖြည့်တင်းပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ- The Chin Journal