၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအရ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အောက်တိုဘာလ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့ နှစ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၇ဦး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
အခုလိုလွှတ်ပေးခဲ့တဲ့ ၂၀၇ဦးအတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ နာမည်ကြီး နိုင်ငံရေးသမားတွေ ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။
ဒီကနေ့ ပုသိမ်အကျဉ်းထောင်ကနေ မတရားဖမ်းဆီးခံထားရသူ ၁၃ဦးကို ပြန်လည်လွှတ်ပေးရာမှာ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့မှာ ဆန္ဒပြပွဲ သတင်းရယူရင်း ဖမ်းဆီးခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဌာန ကိုရဲရင့်ထွန်းပါဝင်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“မနက် ၈နာရီထဲက ပုသိမ်ထောင်ရှေ့မှာ မိသားစုတွေက စောင့်နေကြတာ၊ နေ့လည် ၂နာရီခွဲလောက်မှာ စလွှတ်တယ်၊ ငပုတောက အမျိုးသား ၃ဦး၊ ပုသိမ်မြို့က ၁၀ဦးပါတယ်၊ ကျန်သေးလားဆိုပြီး ထပ်စောင့်တော့ စာရင်းကုန်သွားပြီလို့ ဝန်ထမ်းတစ်ယောက်ကပြောပါတယ်၊ လွှတ်ပေးသူတွေထဲမှာ ၅၀၅သက်သက်တွေချည်းပဲ နာမည်ကြီးနိုင်ငံလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေ ပါမလာဘူး” ပုသိမ်အကျဉ်းထောင်ရှေ့မှာ သွားစောင့်ဆိုင်းခဲ့သူ မတရားဖမ်းဆီးခြင်း ခံထားရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မြောင်းမြမြို့မှာလည်း ၂ရက်တာအတွင်း ၅ဦးသာ လွတ်မြောက်ခဲ့ပြီး မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာအချို့နဲ့ ပရဟိတသမားတွေ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
ဖျာပုံမြို့မှာ စစ်အုပ်စုက အကြောင်းပြချက်မရှိ ဖမ်းဆီးထားတဲ့ Delta News Agencyက သတင်းထောက်ဟောင်း ကိုမျိုးစံစိုးလည်း လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက လွှတ်တော်ကိုယ်စားလှယ် ၅ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားပြီး အခုပြန်လည်လွတ်မြောက်သူတွေ စာရင်းမှာ ပါဝင်လာခြင်းမရှိသေးတာကို တွေ့ရပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အာဏာသိမ်းယူလိုက်တဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကိုလည်း ဘာအမှုမှ ဖွင့်လှစ်ထားခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။