လွိုင်ကော်မြို့မှာ စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် ၊ အရပ်သားတဦးသေဆုံး

  1. ၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ အာဏာသိမ်းစစ်အုပ်စုတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူတွေသေဆုံးဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

အောက်တိုဘာ ၆ရက်ညပိုင်းက စစ်အုပ်စုတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး ကလေးငယ် ၂ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၈ဦးရှိတယ်လို့ တိုးတက်တဲ့ကရင်နီပြည်သူ့ အင်အားစု (PKPF)က ထုတ်ပြန်တယ်။

ဒဏ်ရာရ လူနာတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူ မပါဝင်ဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်လို့ နမ့်ဘော်ဝမ်ရပ်ကွက်က အမျိုးသားတစ်ဦးကတော့ အသက်ဆုံးရှုံးခဲ့တယ်လို့ သူက အတည်ပြုပါတယ်။

စစ်အုပ်စုတပ်ရဲ့ ပစ်ခတ်မှုကြောင့် နမ့်ဘော်ဝမ်၊ရေနီကန်၊ ဧက ၅၀၀ စတဲ့ရပ်ကွက်တွေက အရပ်သားပြည်သူတွေထိခိုက်သေဆုံးတာ အိုးအိမ်တွေ ပျက်စီးတာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဒဏ်ရာရပြည်သူတွေကို မြို့ပေါ်ကူညီရေးအဖွဲ့တာဝန်ရှိသူတွေက ဆေးရုံကို ပို့ဆောင်ခဲ့တဲ့ လူနာစာရင်းတွေ အရ အသက် ၈နှစ်အရွယ်နဲ့ အသက် ၉နှစ်အရွယ် ကလေးငယ် ၂ဦးလည်း လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရေနီကန်ရပ်ကွက်က အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ဧက၅၀၀ ရပ်ကွက်က အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး၊ နမ့်ဘော်ဝမ် ရပ်ကွက်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး၊ အသက် ၉နှစ်အရွယ် ကလေးငယ်နဲ့ ၈နှစ်အရွယ် ကလေးငယ်တို့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသခံ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး မတရား ဖမ်းဆီးခံထားရသူ ၁၄၀ကျော်ရှိတယ်လို့ PKPFက ထုတ်ပြန်ထားပါတယ်။ အမှန်တကယ် သေဆုံး၊ ဖမ်းဆီးခံရတဲ့အရေအတွက်ဟာ PKPFက ထုတ်ပြန်ထားတာထက် အရေအတွက် ပိုမိုနိုင်တယ်လို့လည်း ဒီးမော့ဆို စစ်ရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။