အင်တာနက်ဖြတ်တောက်မှုကို စစ်ရေးဗျူဟာတစ်ခုအဖြစ် အကြမ်းဖက်စစ်တပ်လုပ်ဆောင်နေ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကစတင်ပြီး အင်တာနက်ဖြတ်တောက်ခြင်းတွေကို စစ်ရေးဗျူဟာတစ်ခုအနေနဲ့ ဆောင်ရွက်လာပြီး လက်ရှိအချိန်မှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့မြို့နယ် ၂၅ ခုအထိ ရှိနေပြီလို့ Infosheet 4 Human Rights:Myanmar အဖွဲ့က စာရင်းပြုစုထုတ် ပြန်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့မြို့နယ်တွေထဲမှာ ကချင်ပြည်နယ် က ဖားကန့်၊ မန္တလေးတိုင်းက မြင်းခြံနဲ့ မိုးကုတ်၊ မကွေးတိုင်းက တောင်တွင်းကြီး၊ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါတို့ပါဝင်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၀ ခုအထိ ဖြတ်တောက်ခံထားရပြီး ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ကနီ၊ တန့်ဆည်၊ အရာတော်၊ ဘုတလင်၊ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်းတို့ဖြစ်ပါတယ်။  ချင်းပြည် နယ်မှာလည်း မြို့နယ် ၈ ခု အင်တာနက်ဖြတ်တောက်ခံထားရပြီး ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ပလက်၀ တို့ဖြစ်ပါတယ်။

“လွတ်လပ်စွာတွေးခေါ်ယုံကြည်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့် တို့ဟာ လူသားတွေအတွက်အဓိကကျတဲ့ ရရှိပိုင်ခွင့်ရှိကိုရှိရမယ့် အခွင့်အရေးဖြစ်ပါတယ်။စစ်အာဏာသိမ်းကာလတွေမှာ တွေးခေါ်ယုံကြည်ခွင့်တွေ၊ ထုတ်ဖော်ပြောဆိုခွင့်တွေ အကြမ်းမဖက် ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံသုံးပြီး ပိတ်ပင်တားဆီးကန့်သတ်ခဲ့ကြပါတယ်” လို့  Infosheet 4 Human Rights:Myanmar အဖွဲ့ကဆိုပါတယ်။ 

အဲဒီလို အင်တာနက်ဖြတ်တောက်ထားခြင်းဟာ ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အကြမ်းဖက်စစ်တပ်က ချိုးဖောက်ကျူးလွန်နေတာဖြစ်တယ်လို့ လည်း Infosheet 4 Human Rights:Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “အင်တာနက်ဖြတ်​တောက်မှုဟာ လူ့အခွင့်အ​ရေးချိုး​ဖောက်မှုဖြစ်သလို တခြား​သော လူ့အခွင့်အ​ရေး​တွေကို ဆက်လက်ချိုး​ဖောက်နိုင်ဖို့ ဖန်တီးတာဖြစ်ပါတယ်” လို့ ပြောပါတယ်။