အစိုးရသစ်လက်ထက် ဧရာဝတီတိုင်းအတွင်း လျှပ်စစ်မီးရရှိတဲ့ အိမ်ထောင်စုပေါင်း တစ်သိန်းကျော်တိုးလာမည်

၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

NLD ဦးဆောင်တဲ့အစိုးရသစ်လက်ထက်ဧရာဝတီတိုင်းအတွင်း အိမ်ထောင်စုပေါင်း နှစ်သိန်းလေးသောင်းကျော် လျှပ်စစ်မီးရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက်ထက် အိမ်ထောင်စုပေါင်း ၄ သောင်းကျော် တိုးတက်လာတာပါ။ လက်ရှိ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ဆောင်ရွက်နေတဲ့ ကျေးရွာပေါင်း ၆၀၀ ကျော် လျှပ်စစ်မီးရရှိရေးစီမံကိန်းပြီးရင်တော့ အိမ်ထောင်စုပေါင်း ၇သောင်းကျော်လျှပ်စစ်မီးထပ်မံရရှိလာမှာပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးဟာ လျှပ်စစ်မီးရရှိမှု ဒုတိယအနည်းဆုံးဒေသဖြစ်ပါတယ်။လက်ရှိမှာတော့ တစ်တိုင်းလုံးအိမ်ထောင်စုပေါင်း ရဲ့ ၁၆ ရာခိုင်နှုန်းကျော်သာလျှပ်စစ်မီးရရှိသေးတာပါ။ လာမယ့် နှစ်မှာဆောင်ရွက်ပြီးဆီးမယ့် ကျေးရွာ ၆၀၀ ကျော်မီးလင်းရေးပြီးရင်တော့ ၂၁%ကိုတိုးတက်လာမှာပါ။အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP အရတော့ ၂၀၃၀ မှာ ၁၀၀ ရာခိုင်နှုန်း မီးလင်းရမယ်လို့ဆိုပါတယ်။