ဟိုင်းကြီးကျွန်းက ရေလုပ်ငန်းတွေ ရပ်တန့်လုနီးပြီ

“မော်တော်ကြီးပါ ကုန်းပေါ်ဆွဲတင်လာပြီး ပြရတော့မလို ဖြစ်နေပြီ”

 ဧရာဝတီတိုင်းဒေသကြီးရဲ့  တောင်ဘက်အစွန်း ပင်လယ်ပြင်ထဲက ဟိုင်းကြီးကျွန်းဟာ အရင်ကဆိုရင် ငါးဖမ်းစက်လှေတွေရဲ့ ခုတ်မောင်းသံတွေနဲ့ စည်ကားခဲ့ပေမယ့် အခုမူ တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။ 

စနစ်ကျတဲ့ စီမံခန့်ခွဲမှု မလုပ်တတ်ပဲ ကသောင်းကနင်း အမိန့်တွေပဲ ထုတ်တပ်တဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် ပြည်တွင်းစီးပွားရေးဟာ တစတစ ကဏ္ဍစုံမှာ ချွတ်ခြုံကျလာနေပြီ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းကတော့ အားလုံးကို တွင်းဆုံးကျအောင် ဆွဲခေါ်နေတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

စက်သုံးဆီပြတ်တောက်ပြီး ဈေးအဆမတန် မြင့်တာလာတဲ့အတွက် ဒီဒဏ်ကို ဟိုင်းကြီးကျွန်းက ရေလုပ်သားတွေ၊လုပ်ငန်းရှင်တွေ ခါးစည်းခံနေကြရပြီ ဖြစ်ပါတယ်။

🔹 ရေထဲက လှေတွေ ဆီဘယ်လို ဖြည့်မလဲ

 ကမ်းဝေးငါးဖမ်းရေလုပ်ငန်းရှင် ကိုသက်ဇော်ဦးအတွက်တော့ လက်ရှိအခြေအနေဟာ အဆိုးဝါးဆုံး အိပ်မက်ဆိုးတခုပါပဲ။ သူ့မှာ မော်တော် ခြောက်စင်းရှိပေမယ့် အခုအခါ အားလုံး ရပ်နားထားရပြီလို့ ပြောပါတယ်။

 “ ကျွန်တော်တို့ ငါးဖမ်းလုပ်ငန်းတွေ အလုပ်လုံးဝ ဆက်လုပ်လို့ မရတော့ပါဘူး။ စက်သုံးဆီ တပီပါကို အရင်က ခြောက်သိန်းခွဲကနေ သိန်း ၃၀အထိ စျေးထိုးတက်သွားတော့ ကျွန်တော်တို့ လုပ်ငန်းတွေအတွက် အရမ်းခက်ခဲသွားတယ်”လို့ သူကညည်းတွားပါတယ်။

 ဒီလိုအခြေအနေမှာ ဓါတ်ဆီဆိုင်တွေက ကားတွေ။ဆိုင်ကယ်တွေကို ယာဉ်ပါလာမှ ဆီရောင်းပေးမယ်လို့ မူသတ်မှတ်လိုက်တဲ့အခါ စိုက်ပျိုးရေးအတွက် ဆီလိုအပ်သူတွေနဲ့ ရေလုပ်ငန်း သမားတွေ ၊ စက်လှေသမားတွေ အခက်တွေ့ရတယ်လို့ သူက ပြောပါတယ်။

“မော်တော်ကြီးပါ ကုန်းပေါ်ဆွဲတင်လာပြီး ပြရတော့မလို ဖြစ်နေပြီ”လို့ သူက အငေါ်တူးပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှုဟာလည်း စာရွက်စာတမ်း အခက်အခဲတွေကြားမှာ ထိရောက်မှုမရှိဘဲ ရေယာဉ် ခြောက်စင်းအတွက် ဆီတပီပါခန့်သာ ရတာဟာ ပင်လယ်ထဲ လနဲ့ချီနေရသူတွေအတွက် ဘာမှလုပ်မရတဲ့ ပမာဏပဲဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လုပ်သား ၁၅၀ ခန့်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး တဦးကို တသိန်းစီပေးကာ နေရပ်ပြန်ခိုင်းလိုက်ရတယ်လို့ သူက ဆိုပါတယ်။

 “ကမ်းဝေးငါးဖမ်းထွက်တယ်ဆိုတာက ရုံးတက်ရုံးဆင်းလုပ်သလို အခုသွားလိုက် အခုပြန်လိုက် လုပ်နေလို့မရဘူး။ ပင်လယ်ထဲမှာ လနဲ့ချီပြီး နေကြရတာဖြစ်တဲ့အတွက် ဒီစက်သုံးဆီ တပီပါက ဘာမလုပ်မရဘူး”လို့ သူက ရှင်းပြပါတယ်။ 

 🔹  အရှုံးနဲ့ ရုန်းကန်နေရတဲ့ မြှုံးလှေရှင်များ

 အခြားတဘက်မှာလည်း မြှုံးလှေ ရှစ်စင်းပိုင်ရှင် ကိုထွန်းဝေကတော့ အရင်အပတ်က ချခဲ့တဲ့ မြှုံးတွေကို မဖြစ်မနေ ပြန်ဖော်ဖို့အတွက် ဆီကို မရရအောင် ရှာဖွေခဲ့ရပါတယ်။ ပုသိမ်ကနေ သိန်း ၃၀ နဲ့ ဝယ်ခဲ့ရတဲ့ ဆီဟာ ဟိုင်းကြီးရောက်ရင် ၃၂ သိန်းကျော် ဖြစ်သွားပြီး တခေါက်ထွက်ရင် အပိုကုန်ကျစရိတ် သိန်း ၁၀၀ ကျော် ရှိနေပါတယ်။

 “ဒီတခေါက် ပြီးရင်တော့ စက်လှေတွေ အကုန်လုံးကို နားတော့မှာပါ။ ရတဲ့ငါးနဲ့ ကုန်တဲ့ကုန်ကျစရိတ်က မကာမိတော့ဘူး ဖြစ်နေတယ်။ ငါးသာမရရင် ဘဝတွေပါ ပျက်သွားနိုင်တယ်” လို့ ကိုထွန်းဝေက ဆိုပါတယ်။ ငါးရနေပေမယ့် ငါးသယ်ယူမယ့် ကုန်တင်ကားတွေအတွက်ပါ ဆီအခက်အခဲ ဖြစ်နေတာဟာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ အဓိက အခက်အခဲ ဖြစ်နေပါတယ်။

“ငါးရရင်တောင် ငါးကိုပို့ဖို့ ကုန်တင်ကားဆီကိစ္စက တော်တော်ကို ဖြေရှင်းရခက်ခဲတဲ့ ကိစ္စတခု ဖြစ်နေတော့ ကျွန်တော်တို့လည်း ဆီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်”

 🔹 ထမင်းငတ်ကုန်ကြတော့မှာပါ

 လုပ်ငန်းရှင်တွေ ပြိုလဲတာဟာ အောက်ခြေရေလုပ်သားတွေရဲ့ ဝမ်းရေးကို တိုက်ရိုက် ရိုက်ခတ်နေပါတယ်။ လုပ်သက် ၂၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ ပိုက်ခေါင်းဆောင် ဦးသန်းနိုင်အတွက် ဒီအခြေအနေဟာ တသက်တာမှာ တခါမှ မကြုံဖူးတဲ့ ဘေးဒုက္ခလို့ ပြောပါတယ်။ 

 “အခုတော့ ဆီစျေးကြောင့် ရေလုပ်ငန်းတွေပြိုလဲကုန်ပြီး ကျွန်တော်တို့လို ရေလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါပြီ။ တကျွန်းလုံးနီးပါး အလုပ်တွေ အကုန်ရပ်ကုန်တဲ့အတွက် ဒေသရဲ့စီးပွားရေးဟာ ဟိုးအောက်ဆုံးထိ ထိုးဆင်းသွားပါပြီ”လို့ ဦးသန်းနိုင်က စိတ်ပျက်လက်ပျက် ပြောပါတယ်။

 စစ်တွေဘက်ကနေ လာအလုပ်လုပ်တဲ့ ကိုအောင်စန်းခိုင်နဲ့ မိသားစု ငါးယောက်ကို လုပ်ကျွေးနေရတဲ့ ဒေသခံ ကိုမျိုးချစ်ကို တို့မှာလည်း မိသားစု စားဝတ်နေရေးအတွက် မျှော်လင့်ချက် မဲ့နေကြရပါတယ်။

“အခုလို အလုပ်တွေ နားကုန်တော့ ကျွန်တော်လည်း အိမ်ပြန်ရတော့မှာပါ။ ဟိုရောက်ရင်လည်း အလုပ်တခု ရှာပြီးလုပ်ပါမယ်။ မဟုတ်ရင် အကုန်ထမင်းငတ်တော့မှာ” လို့ အောင်စန်းခိုင်က ရင်ဖွင့်ပါတယ်။

 🔹 တုံးအောက်ကဖား

 ကမ်းနီးငါးဖမ်းသမား ကိုမြတ်စိုးမှာလည်း စက်သုံးဆီ တလီတာ ၂၀,၀၀၀ (ကျပ်) ကျော် ပေးဝယ်နေရတဲ့ဒဏ်ကို မခံနိုင်တော့ဘဲ လုပ်ငန်းရပ်ထားရပါတယ်။ ငါးပေါ်နေတဲ့ ရာသီမှာ ဆီမရှိလို့ ငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်ဟာ တော်တော်ရင်နာဖို့ ကောင်းတယ်လို့ သူက ဆိုပါတယ်။

ကိုမြတ်စိုးဟာ ၂၄ တောင်လှေနဲ့ ကမ်းနီးငါးဖမ်းပါတယ်။ အထူးသဖြင့် ငါးသလောက်ပိုက်ဟာ ရာသီချိန်ကိုလိုက်ပြီး ပိုက်ချရတာပါ။ ကမ်းနီး ငါးဖမ်းလှေဆိုတော့ လုပ်သားကလည်း နည်းပါတယ်။ လုပ်သား ငါးယောက်ရှိပြီး မနက်လှေထွက် ညနေလှေပြန်ဝင်ရသလို တခါတလေမှာလည်း သုံးရက်လောက် ပင်လယ်ထဲမှာ ကြာတတ်တယ်လို့ ဆိုပါတယ်။ 

 “ကျွန်တော်တို့ အခြေခံလူတန်းစား ပြည်သူတွေက တုံးအောက်ကဖားတွေဆိုတော့ ဘယ်သူနင်းနင်း ပြားနေဦးမှာပဲ”။ ဆီဝယ်မရတော့ရင် ရှိတဲ့ ရွှေတိုငွေစလေးတွေ ထုခွဲပြီး စက်မဲ့ လက်ခတ်လှေလေးနဲ့ပဲ ထမင်းမငတ်ရုံ ရှာဖွေတော့မယ်လို့ သူက ဆိုပါတယ်။

“တာဝန်ရှိသူတွေကိုပြောချင်တာက စက်သုံးဆီကို မော်တော်ဆိုင်ကယ်တွေ၊ ကားတွေကိုပဲ ပေးမနေဘဲ ရေလုပ်ငန်း လုပ်နေရတဲ့ စက်လှေတွေဆီကိုလည်း မျှမျှတတလေး လုပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။  

🔹 စာရင်းဇယားတွေက နောက်ကွယ်

 ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းတွေအရ လက်ရှိမှာ ဟိုင်းကြီးကျွန်းမှာ ရပ်နားလိုက်ရတဲ့ ငါးဖမ်းစက်လှေ အရေအတွက်ဟာ ၆၉၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒေသတွင်း အအေးခန်းစက်ရုံတွေဆီ ငါးတင်ပို့မှုဟာလည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။

 စစ်တပ်ဦးဆောင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးသိန်းထွန်းကတော့ ဧရာဝတီတိုင်းက တောင်သူတွေအတွက် အောင်ရေတင်ဖို့ ၊ ရိတ်သိမ်းဖို့ လုပ်ငန်းတွေမှာ စက်သုံးဆီ အခက်အခဲ မရှိအောင် အစစ စီစဉ်ထားတာတွေဟာ အောက်ခြေအဆင့်မှာ ထိရောက်ဖို့ လိုနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ မဲဆန္ဒနယ်က တောင်သူတွေ အခက်အခဲမရှိဖို့ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းပေးကြဖို့”ဆိုပြီး မတ်လ ၃၀ ရက်နေ့က လွှတ်တော်အစည်းအဝေးအပြီးမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းတာကို တွေ့ရပါတယ်။

အခုလို လောင်စာဆီ အခက်အခဲကြောင့် ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းတွေ ၊ မွေးမြူရေး လုပ်ငန်းတွေ အကျပ်အတည်းဖြစ်နေတဲ့ အခြေအနေကိုတော့ “ ဝန်ကြီးချုပ်က စိတ်ဝင်စားပါတယ်။အဆင်ပြေစွာ ဆောင်ရွက်ပေးပါလိမ့်မယ်”လို့ DNA ကို ပြန်လည် ဖြေဆိုခဲ့ပါတယ်၊

ဒီချုပ်ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရေကြည်မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးမျိုးသက်ဦးကတော့ အခုအခြေအနေက 

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အမေရိကန်၊အစ္စရေး နဲ့ အီရန်စစ်ပွဲရဲ့ ရိုက်ခတ်မှု တခုတည်းကြောင့် မဟုတ်ပဲ စစ်တပ်အာဏာသိမ်းလိုက်အပြီး ငါးနှစ်အကြာမှာ လူထုတရပ်လုံး ရင်ဆိုင်ခံစားနေရတဲ့ ပြည်တွင်း စီးပွားရေး အကြပ်အတည်းနဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်လို့ ပြောပါတယ်။

“အရင်ကတည်းက တိုင်းပြည်စီးပွားရေးက စစ်တပ်နဲ့ ခရိုနီတစုကပဲ လက်ဝါးကြီး အုပ်ထားတာ ဖြစ်တဲ့အတွက် စက်သုံးဆီ ပြသနာ တက်တဲ့အခါမှာ မှောင်ခိုဈေးကွက် ကြီးမားမှုတွေ ၊ အခြေခံလူထုဆီကို တိကျတဲ့ ဈေးနှူန်းတွေနဲ့ အမှန်တကယ် ရောက်ရှိနိုင်ဖို့ အခြေအနေမျိုးတွေ မရှိတဲ့အတွက် ဈေးနှူန်းကြီးမြင့်မှုတွေကလည်း အစမတန် ဖြစ်သလို မှောင်ခိုဈေးကွက် ကြီးမားလာတဲ့ အတွက်ကြောင့်လို့လည်း သုံးသပ်ချင်ပါတယ်”လို့ ဦးမျိုးသက်ဦးက ပြောပါတယ်။