
“ဝန်ကြီးချုပ်တော့ အခုဝန်ကြီးချုပ် ဦးတင်မောင်ဝင်းပဲ ဖြစ်ဖို့ သေချာတယ်။ သူ့နာမည်ပဲ ထွက်နေတာ။ တချို့ကလည်း ဦးတင်မောင်ဝင်းကို မခန့်တော့ဘူး နောက်တယောက် ခန့်မယ်လို့လည်း ပြောနေကြတယ်။ ဒါပေမယ့် သူပဲ ဖြစ်မှာပါ”
၃၊ ဧပြီ။
လာမယ့်အပတ်ထဲ ကျင်းပမယ့် ဧရာ၀တီတိုင်းလွှတ်တော်မှာ တိုင်းဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းလာနိုင်ဖွယ်ရှိပြီး တိုင်းအစိုးရအဖွဲ့ကိုလည်း သင်္ကြန်မတိုင်ခင် ခန့်အပ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
“အစိုးရအဖွဲ့ကတော့ ဒီလေးလပိုင်းထဲမှာ ဖွဲ့မှာပါ။ နောက်တပါတ်မှ ဖြစ်မယ်ထင်တယ်” လို့ စစ်ကော်မရှင်ရဲ့ ငါးနှစ်ကြာ စိတ်ကြိုက်စီစဉ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဧရာ၀တီတိုင်းဒေသကြီး လွှတ်တော်တက်နေသူ လွှတ်တော်ကိုယ်စားလှယ် ဦးခင်စိုးက ပြောပါတယ်။
တိုင်းဝန်ကြီးချုပ် ခန့်အပ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေထဲက တဦးကို ဒီနေ့မှာ သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ်ခံခဲ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အမည် စာရင်း တင်သွင်းရမှာဖြစ်ပြီး တိုင်းလွှတ်တော်ထဲကနေ မဲခွဲအတည်ပြုပေးရမှာပါ။
“ဝန်ကြီးချုပ်တော့ အခုဝန်ကြီးချုပ် ဦးတင်မောင်ဝင်းပဲ ဖြစ်ဖို့ သေချာတယ်။ သူ့နာမည်ပဲ ထွက်နေတာ။ တချို့ကလည်း ဦးတင်မောင်ဝင်းကို မခန့်တော့ဘူး နောက်တယောက် ခန့်မယ်လို့လည်း ပြောနေကြတယ်။ ဒါပေမယ့် သူပဲ ဖြစ်မှာပါ” လို့ တိုင်းလွှတ် တော်ကိုယ်စားလှယ် နောက်တဦးက ပြောပါတယ်။
လွှတ်တော်က အတည်ပြုလိုက်တဲ့ ဝန်ကြီးချုပ်ဟာ သူ့ရဲ့အစိုးရအဖွဲ့အတွက် ဝန်ကြီးအမည်စာရင်းတွေကို သမ္မတထံ ပေးပို့ပြီး သမ္မတကတဆင့် လွှတ်တော်ထံတင်ပြ၊ အတည်ပြုချက်ရယူ၊ ခန့်အပ်ရမှာပါ။ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဖြစ်ဖို့မလိုဘဲ ပြင်ပကလူတွေကို ခန့်အပ်လို့ လည်း ရပါတယ်။
လွှတ်တော်ကို အမည်စာရင်းတင်သွင်းလာတဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အရည်အချင်း မပြည့်မီကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်၊ ပယ်ချနိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထား ပေမယ့် စစ်အုပ်စု လွှမ်းမိုးထားတဲ့ အခုလွှတ်တော်မှာတော့ အဲဒါတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
“သဘောကျတာပဲဖြစ်ဖြစ်၊ သဘောမကျတာပဲဖြစ်ဖြစ် လက်ခံရမယ့် အနေအထားပဲ၊ ကြံ့ခိုင်ရေးနဲ့ စစ်တပ်သဘောတိုင်းပဲဖြစ်မှာ အကုန်လုံးက” လို့ အမည်မဖော်လို့သူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်း လွှတ်တော်အစည်းအဝေးကို ဆက်တိုက်ကျင်းပနေပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုး များအရေးဆိုင်ရာ ကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ဒီနေ့မှာလည်း တိုင်းလွှတ်တော်အစည်းအဝေး တတိယနေ့ကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံရေးတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ထိုင်ခုံရကြမှာပါ။
ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်း၊ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာခိုင်နှုန်းကို အသာစီးယူထားပြီး ကျန်ပါတီတွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရကြမှာပါ။
ဧရာ၀တီတိုင်းထဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါ တီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။
ဒါ့ကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေး၊ တစညပါတီသုံးခုပေါင်း ထိုင်ခုံ ၆၂ (၈၆ ရာခိုင်နှုန်းကျော်) ခုံရမှာဖြစ်ပြီး တခြားပါတီတွေအားလုံးကတော့ ၁၃ ရာခိုင်နှုန်းကျော်ပဲ ရကြမှာပါ။ အာဏာသိမ်းစစ်ကော်မရှင်တပ်က စိတ်ကြိုက်စီစဉ်ကျင်းပခဲ့တာမို့ အဲဒီလို စစ်တပ်ပါတီ ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း ပြည်သူ့အသံတွေကို ထပ်ဟင်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။