
သင်္ဘောပေါ်မှာပါတဲ့ ဝန်ထမ်း ၂၈ ဦးဟာ အသက်ကယ်လှေတွေ ချဖို့အချိန်မရတာကြောင့် မီးလောင်နေတဲ့ သင်္ဘောပေါ်ကနေ ရေထဲကို ခုန်ချခဲ့ကြပါတယ်။
၁၄၊ မတ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီရတ်ဆိပ်ကမ်းတခုမှာရှိနေတဲ့ Safesea Vishnu ဆီတင်သင်္ဘောကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ မောင်းသူမဲ့လှေ နှစ်စင်းက ဝင်တိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သင်္ဘောရဲ့ ဘယ်ဘက်ခြမ်း မီးလောင်ကျွမ်းသွားခဲ့ပါတယ်။
သင်္ဘောပေါ်ပါ ဝန်ထမ်းတွေ အနေနဲ့ တုံ့ပြန်ဖို့ အချိန်စက္ကန့်ပိုင်းပဲ ရခဲ့တယ်လို့သင်္ဘောပိုင်ရှင်ဖြစ်တဲ့ အမေရိကန်ကုမ္ပဏီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ ဝန်ထမ်းတွေကို မေးမြန်းကြည့်ပြီး နောက်မှာတော့ အဆိုပါ တိုက်ခိုက်မှုဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်တွက်ချက် လုပ်ဆောင်ခဲ့တာ ယူဆရတယ်လို့ နယူးဂျာစီအခြေစိုက် Safesea အုပ်စုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပင်လယ်ကွေ့ဒေသမှာ ဆီတင်သင်္ဘောနဲ့ အခြားကုန်တင်သင်္ဘော အနည်းဆုံး ၁၆ စင်းလောက် တိုက်ခိုက်ခံခဲ့ရပါတယ်။
ကမ္ဘာ့ရေနံ ငါးပုံတပုံလောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတဝိုက်က သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်ဘက်ကခြိမ်းခြောက်ထားတာကြောင့် တခြားသင်္ဘော ရာပေါင်းများစွာလည်း ကျောက်ချရပ်နားထားကြရပါတယ်။
မာရှယ်ကျွန်းစု နိုင်ငံအလံလွှင့်ထူထားတဲ့ Safesea Vishnu သင်္ဘောဟာ တိုက်ခိုက်ခံရချိန်မှာ အီရတ်နိုင်ငံ၊ Khor Al Zubair ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားတာဖြစ်ပြီး ဓာတ်ဆီထုတ်လုပ်ရမှာသုံးတဲ့ ကြားခံပစ္စည်း နက်ဖ်သာ မက်ထရစ်တန် ၅၃,၀၀၀ ကိုသင်္ဘောတစင်းကနေ တစင်းဆီ လွှဲပြောင်းတင်ဆောင်နေတာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာပါတဲ့ ဝန်ထမ်း ၂၈ ဦးဟာ အသက်ကယ်လှေတွေ ချဖို့အချိန်မရတာကြောင့် မီးလောင်နေတဲ့ သင်္ဘောပေါ်ကနေ ရေထဲကို ခုန်ချခဲ့ကြပါတယ်။
တဦး သေဆုံးသွားခဲ့ပေမဲ့ ကျန်တဲ့ ၂၇ ယောက်ကတော့ ဘေးကင်းကြပြီး အီရတ်နိုင်ငံရှိ အိန္ဒိယသံရုံးကနေ အကူအညီတွေ ပေးနေတယ်လို့ Safesea က ပြောပါတယ်။
လက်ရှိမှာ ဆီတင်သင်္ဘောဟာ ရေထဲမှာ စောင်းနေပြီလို့ သိရပြီး သင်္ဘောကို တည်ငြိမ်အောင်လုပ်ဖို့နဲ့ ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှု မရှိအောင် စောင့်ကြည့်ဖို့အတွက်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ အစိုးရတွေ၊ ရေကြောင်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သတိပေးခေါင်းလောင်းသံ တခုဖြစ်တယ်လို့ Safesea က ဆိုပါတယ်။
“စီးပွားရေးအရ အသုံးပြုနေတဲ့ ကုန်သွယ်ရေကြောင်းလမ်းတွေဟာ စစ်တလင်း မဖြစ်သင့်ပါဘူး” လို့ ကုမ္ပဏီက ပြောပါတယ်။
မော်လ်တာနိုင်ငံအလံလွှင့်ထားတဲ့ Zefyros သင်္ဘောဟာလည်း အဲဒီနေ့က ကုန်စည်လွှဲပြောင်းရာမှာ ပါဝင်နေတဲ့ တခြားသင်္ဘောတစင်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ည တိုက်ခိုက်မှုအတွင်း အဆိုပါ သင်္ဘောကိုလည်း လက်နက်တခု ထိမှန်ခဲ့တယ်လို့ သင်္ဘောကို စီမံခန့်ခွဲနေတဲ့ ရုံးချုပ် ဂရိအခြေစိုက် ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။ Zefyros ပေါ်က ဝန်ထမ်း ၂၃ ဦးစလုံးကိုတော့ ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့သင်္ဘောလုပ်ငန်းကောင်စီ (World Shipping Council) ရဲ့ အဆိုအရ အဆိုပါ ဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေပေါ်က ရေလုပ်သား ၂၀,၀၀၀ ခန့်ဟာ အန္တရာယ်များပြီး မရေရာတဲ့ လုံခြုံရေးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိုအပ်ရင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားမယ့် ဆီတင်သင်္ဘောတွေကို အမေရိကန်ကနေ စောင့်ရှောက်လိုက်ပါပေးဖို့အသင့်ရှိတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ အီရန်နဲ့ စစ်ပွဲစတင်ကတည်းက သင်္ဘောလုပ်ငန်းရှင်တွေဘက်ကနေ စစ်တပ်က အစောင့်အရှောက်ပေးဖို့ နေ့တိုင်းလိုလို တောင်းဆိုနေတာကို အမေရိကန်ရေတပ်က ငြင်းဆန်ထားပါတယ်။
လက်ရှိအချိန်မှာ တိုက်ခိုက်ခံရနိုင်ခြေ အန္တရာယ်က သိပ်များလွန်းနေသေးတယ်လို့ ရေတပ်ဘက်က ပြောထားကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
Ref – Reuters