ဇလွန် ဝါးရုံကောက်ရွာမှာ လမ်းခင်းဖို့ အကြောင်းပြပြီး လောင်းကစားဝိုင်းထောင်


“ရွာလမ်းခင်းကြရအောင်ဆိုပြီး လုပ်ကြတာပါ။ လမ်းခင်းတာ လမ်းမက မကြီးပါဘူး။ ဆိုင်ကယ်လာရင် လူက ဘေးရှောင်လောက်ရုံလမ်းပါ။ လမ်းကတော့ အခုထိ မပြီးသေးဘူးလုပ်နေတုန်းပါ

၁၄၊မတ်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ဝါးပတောကျေးရွာအုပ်စု၊ ဝါးရုံကောက်ကျေးရွာမှာ ကျေးရွာလမ်းခင်းဖို့ဆိုပြီး ရန်ပုံငွေရှာတာကိုအကြောင်းပြကာ ကျေးရွာအုပ်ချုပ်ရေးမှူးက လောင်းကစားဝိုင်းတွေ ဦးစီးကျင်းပနေပါတယ်။

“လမ်းကတော့ ကိုယ်ထူကိုယ်ထ သဘောမျိုးစလုပ်တာ။ လောင်းကစားဝိုင်းတွေထောင်ပြီး လမ်းလုပ်တာက နည်းနည်း သူတို့အိတ်ထဲထည့်တာက များနေတယ်”လို ဝါးရုံကောက်ရွာသားတဦးက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးအဖွဲ့က ရလာတဲ့ငွေတွေကို ကိုယ်ကျိုးအတွက် အသုံးချနေပြီး လမ်းစခင်းဖို့ ပြင်ဆင်နေတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် လက်တွေ့မှာ လောင်းကစားဝိုင်းတွေ ပေါ်လာတာကလွဲပြီး လမ်းက ဟုတ်တိပတ်တိ မပြီးစီးသေးဘူးလို့ ပြောပါတယ်။

“ရွာလမ်းခင်းကြရအောင်ဆိုပြီး လုပ်ကြတာပါ။ လမ်းခင်းတာ လမ်းမက မကြီးပါဘူး။ ဆိုင်ကယ်လာရင် လူက ဘေးရှောင်လောက်ရုံလမ်းပါ။ လမ်းကတော့ အခုထိ မပြီးသေးဘူးလုပ်နေတုန်းပါ”လို့ နောက်ထပ် ဝါးရုံကောက် ရွာခံတဦးက ရှင်းပြပါတယ်။

အဲဒီလို လောင်းကစားဝိုင်းတွေ လုပ်နေတာနဲ့ ပတ်သက်လို့ ဒေသခံကျေးရွာအတွင်း နေထိုင်သူတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပြီး လောင်းကစားဝိုင်းတွေကြောင့် ရပ်ရွာအတွင်း ခိုးဆိုးလုနှိုက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ရွာမှာ စစ်မှုထမ်းအတွက် ပိုက်ဆံတိုးကောက်တာတွေ လုပ်နေပြီး ရွာသားတွေကို ပိုက်ဆံမထဲ့ရင် ပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်မှုထမ်းမလိုက်ရဖို့ လူငယ်တယောက်စာ ရှိတဲ့ အိမ်တအိမ်ဟာ တလကို ရှစ်သောင်းကျပ် ပေးနေရတယ်လို့ ပြောပါတယ်။

ရာအိမ်မှူးတွေကို သင်ပေးပြီး သူမပြောသလိုနဲ့ နေတယ်။ တိုးကောက်တာနဲ့ ပတ်သက်လို့ အုပ်ကြီးက တခွန်းမှမဟဘူး။ ရွာကတော့ရွာကြီးထဲမှာတော့ မပါဘူး။ ကောကပ်တိုက်နယ်ထဲက ရွာတရွာပါပဲ။”လို့ ရွာခံတဦးက ရှင်းပြပါတယ်။

လမ်းခင်းတဲ့လုပ်ငန်းဟာ ကြန့်ကြာနေပြီး မူလ လောင်းကစားဝိုင်းက ရရှိတဲ့ ရန်ပုံငွေကို ဘယ်လို အသုံးချတယ်ဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ကျေးရွာသားတွေက အုပ်ချုပ်ရေးမှူးရဲ့ လုပ်ရပ်အပေါ်မှာ အတော်လေးကို စိတ်ပျက်နေကြပါတယ်။

လောင်းကစားဝိုင်းတွေဟာ အပတ်စဉ် စနေနေ့ကနေ တနင်္လာနေ့အထိ သုံးရက်လုပ်လေ့ရှိပြီး အနီးအနား ရွာနဲ့ ဇလွန်၊ဟင်္သာတမြို့ပေါ်က လောင်းကစားသမားတွေလည်း လာကြတယ်လို့ သိရပါတယ်။ ရွာအုပ်ချုပ်ရေးမှုးက သက်ဆိုင်ရာ အပိုင်ရဲတွေကို လိုင်းကြေးပေးထားတဲ့အတွက်လည်း အခုလို လုပ်ခွင့်ရနေတာလို့ ဒေသခံတွေက
မှတ်ချက်ပေးပါတယ်။

#ဇလွန် #ဝါးရုံကောက်ရွာ #လမ်းခင်းဖို့ #အကြောင်းပြ #လောင်းကစားဝိုင်းထောင် #DeltaNewsAgency #DNA