အတုအယောင်ရွေးကောက်ပွဲက ပေါ်လာမယ့် ဧရာဝတီအစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ကန့်ကွက်ျကြာင်း အဆိုတင်

ဧရာ၀တီဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌ ဦးခင်၀င်းကလည်း အဲဒီအဆိုကို အကောင်အထည် ဖော် ဆက်လက် လုပ်ဆောင်သွားမယ်လို့ DNA ကို ပြောပါတယ်။

၁၃၊ မတ်။

အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် တရားမဝင်လွှတ်တော် ခေါ်ယူခြင်း နဲ့ အဲဒီလွှတ်တော်က ဖွဲ့စည်းလာမယ့် ဘယ်အဖွဲ့အစည်းကိုမဆို အသိအမှတ်မပြုကြောင်း ဒီနေ့ကျင်းပခဲ့တဲ့ ဧရာဝတီဖက်ဒရယ်ယူနစ် လွှတ်တော်မှာ အဆိုတင်သွင်း၊ မှတ်တမ်းတင်ခဲ့ပါတယ်။

ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို ဒီနေ့ မတ်လ ၁၃ ရက်နေ့ မနက်ဆယ် နာရီမှာ ကျင်းပခဲ့ပြီး မြန်အောင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က အဆို တင်သွင်းခဲ့တာပါ။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာာ ကိုယ်စားပြုမှု အနည်းငယ်သာ ထင်ဟပ်ရုံသာမက ပြည်သူသန်းပေါင်းများစွာ အခက်အခဲနဲ့ နေရပ်စွန့်ခွာနေရချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်မှန်ခိုင်မာတဲ့ ရွေးကောက် ပွဲမဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ အဆိုရှင်က ပြောပါတယ်။

“ပြည်သူထောက်ခံအားပေးခဲ့သည့် အဓိကနိုင်ငံရေးပါတီများ ပါဝင်ခဲ့ခြင်းမရှိသည့်အချိန်၌ ကျင်းပခဲ့ခြင်းကြောင့် စစ်မှန်ပြီးခိုင်မာသော ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ထင်ရှားတွေ့မြင်နိုင်ပါတယ်။ အထူးအရေးအကြီးဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်ပြီး၊ ရွေးကောက်ပွဲကို ကျင်းပနိုင်တဲ့ အခွင့်အာဏာရှိနေတဲ့ တရားဝင်အဖွဲ့အစည်း တရပ်မဟုတ်ကြောင်း တင်ပြလိုပါတယ်” လို့ အဆိုရှင် ဒေါ်စုစုအောင်က အဆိုတင်သွင်းစဉ် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ရွေးကောက်ပွဲတရပ် မဟုတ်သလို ၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ချုပ်ငြိမ်းစေမယ့် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝန်းက ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြနေသလို၊ မြန်မာပြည်သူတွေကလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားတယ်လို့ အဆိုရှင်က ဆိုပါတယ်။

ဒါ့ကြောင့် ဒီလူအများစုရဲ့ဆန္ဒသဘောထားကို ထင်ဟပ်စေတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ တရားဝင်ရွေးကောက်ပွဲဖြစ်သလို၊ ရလဒ်ဟာလည်း တရားဝင်ဆဲဖြစ်ကာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တွေဟာ ပြည်သူက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကိုကျင့်သုံးပြီး၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ကြောင်း အဆိုရှင်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရကို ပြည်သူ့အစိုးရအဖြစ်၊ တာဝန်ပေးအပ်ခဲ့ပြီး မိမိတို့နိုင်ငံမှာ စစ်အာဏာ ရှင်အဆုံးသတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ်စနစ် ထူထောင်ရေးအတွက် စစ်မှန်သော တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကြိုးပမ်း နေဆဲဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ဧရာ၀တီတိုင်းအတွင်းကမြို့နယ်အားလုံးအပါအ၀င် နိုင်ငံအဝှမ်း မြို့နယ်ပေါင်း ၂၆၁ မြို့မှာ အသုတ်သုံးသုတ်ခွဲကျင်းပခဲ့ပြီး ငါးနှစ်တာအချိန်ယူ၊ စိတ်ကြိုက်စီမံခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်အရာရှိကြီးတွေ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအားလုံးနီးပါးအနိုင်ရခဲ့တာ တွေ့ပါတယ်။

အဲဒီရွေးကောက်ပွဲရလဒ်တွေနဲ့ လာမယ့် မတ်လ ၂၀ ရက်နေ့ကျရင် ပုသိမ်မြို့ရှိ တိုင်းလွှတ်တော်မှာ လွှတ်တော်အစည်းအဝေး စခေါ်ကျင်းပတော့မယ်လို့ ကြေငြာထားပြီး တိုင်းအစိုးရအဖွဲ့ကိုလည်း ဖွဲ့သွားဖို့ ရှိနေတာပါ။

“စစ်ကောင်စီ၏ အဓမ္မသိမ်းယူထားသော ပြည်သူ့အာဏာကို ပြည်သူ့ထံသို့ ပြန်အပ်ဖို့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျှောက်ဖို့ ငြိမ်းချမ်းစွာတောင်းဆိုခဲ့တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုခဲ့ရုံသာမက ၊ အကြမ်းဖက်နည်းနဲ့ ဖြိုခွင်းခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖန်တီးထားတဲ့ လွှတ်တော်ဆိုတာဟာလည်း၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်အ ကောင်အထည်ဖော်ဖို့ထက်၊ အာဏာရှင်လူတစ်စုရဲ့ အာဏာသက်ဆိုးရှည်ရန် ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်” လို့ အဆိုရှင် ဒေါ်စုစုအောင်က လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အဲဒီအဆိုကို လေးမျက်နှာမြို့နယ် အမှတ်(၂) ယူနစ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်းက ထောက်ခံဆွေးနွေး ခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ထားရှိခဲ့တယ်လို့ သိရပါတယ်။

ဧရာ၀တီဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌ ဦးခင်၀င်းကလည်း အဲဒီအဆိုကို အကောင်အထည်ဖော် ဆက်လက် လုပ်ဆောင်သွားမယ်လို့ DNA ကို ပြောပါတယ်။

ပြည်သူလူထုရဲ့ဆန္ဒကို အမှန်တကယ်ဖော်ဆောင်နေတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံတကာ ပါလီမန်အဖွဲ့ IPU က ဆက်လက်အသိအမှတ် ပြုနေဆဲဖြစ်ပြီး ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းမှာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲ ပါဝင်ဆောင်ရွက်နေရုံသာမက၊ နိုင်ငံတကာ စင်မြင့်ထက်မှာပါ တရားဝင် ကိုယ်စားပြုခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း အဆိုရှင်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဧရာ၀တီဖက်ဒရယ်ယူနစ်လွှတ်တော်မှာ “မြန်မာ့နိုင်ငံရေးပြသနာကိုဖြေရှင်းရာတွင် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုမပါဝင်ပဲ၊ ပြေလည်မှုရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်းနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်” အဆိုကိုလည်း ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက တင်သွင်းခဲ့သေးတယ်။

ဧရာ၀တီတိုင်းအတွင်းက ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျင်းပနေတဲ့ ဧရာ၀တီ ဖက်ဒရယ်ယူနစ်လွှတ်တော်မှာ တိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ အစိုးရအဖွဲ့ ဖွဲ့ဖို့နဲ့ အုပ်ချုပ် ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ခြေလှမ်းပြင်တဲ့အနေနဲ့ ကြားကာလ အစီအမံတရပ်ကိုလည်း တင်သွင်း၊ အတည်ပြုထားပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့အတွင်း ဒေသခံတော်လှန်ရေးတပ် ဖွဲ့တွေပါဝင်တဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထိန်းချုပ်နယ်မြေတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်၊ အုပ်ချုပ်နေပါတယ်။

#အတုအယောင်ရွေးကောက်ပွဲ #ဧရာဝတီအစိုးရအဖွဲ့ #လွှတ်တော် #ကန့်ကွက်ကြောင်း #အဆိုတင် #DeltaNewsAgency #DNA