ဂျပန်ရဲ့ ဒုံးကျည်စွမ်းရည်တိုးချဲ့မှုဟာ ဒေသတွင်းလုံခြုံရေးအန္တရာယ်ကို မြင့်တက်စေတယ်လို့ မြောက်ကိုရီးယားပြော

ဂျပန်အနေနဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်အကွာအဝေးကို တိုးမြှင့်ဖို့နဲ့ ကုန်း၊ ရေ၊ လေတို့ကနေ ပစ်ခတ်နိုင်အောင်ပြင်ဆင်ဖို့အတွက် အရင်းအမြစ်တွေကို အများအပြား သုံးစွဲနေတယ်လို့ ဆိုပါတယ်။

၁၃၊ မတ်။

ဂျပန်နိုင်ငံဟာ တာဝေးပစ်ဒုံးကျည်တွေကို အရှိန်အဟုန်မြှင့် တပ်ဆင်ပြီး တီထွင်နေတာဟာ ဒေသတွင်းလုံခြုံရေးအန္တရာယ်ကို ပိုပြီးမြင့်တက်စေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။

ဂျပန်ရဲ့ အခုလို စစ်ရေးအရ အင်အားဖြည့်တင်းမှုဟာ အနာဂတ်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာနဲ့ အတူတူပဲလို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းအေဂျင်စီ (KCNA) က ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံဟာ ကူမာမိုတိုမှာ အဆင့်မြှင့်တင်ထားတဲ့ Type 12 သင်္ဘောဖျက်ဒုံးကျည်တွေကို စတင်တပ်ဆင်နေပြီဖြစ်သလို တခြားတာဝေးပစ် ဒုံးကျည်စနစ်တွေကိုလည်း ပြည်နယ်အသီးသီးမှာ နေရာချထားဖို့ စီစဉ်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဟာ သူတို့ရဲ့ ပစ်ခတ်မှုနယ်မြေထဲ ရောက်ရှိသွားတယ်လို့ KCNA ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဂျပန်အနေနဲ့ ဒုံးကျည်တွေရဲ့ ပစ်မှတ်အကွာအဝေးကို တိုးမြှင့်ဖို့နဲ့ ကုန်း၊ ရေ၊ လေတို့ကနေ ပစ်ခတ်နိုင်အောင်ပြင်ဆင်ဖို့အတွက် အရင်းအမြစ်တွေကို အများအပြား သုံးစွဲနေတယ်လို့ ဆိုပါတယ်။

ဒါတွေကို တာဝေးပစ်တိုက်ခိုက်ရေးလက်နက်တွေလို့ မြောက်ကိုရီးယားက သတ်မှတ်လိုက်ပါတယ်။

အဆိုပါ လက်နက်တွေ တပ်ဆင်တာဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ဆိုတဲ့ ဂျပန်ရဲ့ ပြောဆိုချက်ကို KCNA က ပယ်ချလိုက်ပါတယ်။

ဒါဟာ တိုက်ခိုက်နိုင်စွမ်းကို ရယူလိုတဲ့ ရည်မှန်းချက်တခုဖြစ်ပြီး ပြန်လည်ကျူးကျော်ဖို့ စစ်ပွဲအတွက် ပြင်ဆင်နေတာရဲ့ အစိတ်အပိုင်းတခုပဲလို့ ပြောပါတယ်။

ဂျပန်အနေနဲ့ တာဝေးပစ်လက်နက်တွေ ပိုဝယ်ယူတာနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်နေတာဟာအဆိုပါ စွမ်းရည်တွေကို အသုံးပြုဖို့ နီးကပ်လာနေတာကို ပြသနေတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့ ဒီလမ်းစဉ်အတိုင်း ဆက်သွားနေရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံတွေ့ရလိမ့်မယ်လို့လည်းသတိပေးထားပါတယ်။

Ref – Reuters

#ဂျပန် #ဒုံးကျည်စွမ်းရည်တိုးချဲ့မှု #ဒေသတွင်းလုံခြုံရေးအန္တရာယ် #မြင့်တက်စေ #မြောက်ကိုရီးယားပြော #DeltaNewsAgency #DNA