
“ အခုပဲဈေးတက်တယ်ဆိုပေမယ့် တောင်သူက ၁၅ (တဧက ၁၅ တင်း) နဲ့အထက်ထွက်ရင်ထွက် မထွက်ရင် ရှုံးမှာပဲ။ ဒီထဲကမှ ကျွန်တော့်လို ပဲခင်းပျက်တာတွေဖြစ်ရင် ဘယ်လိုမှ မကာမိနိုင်ဘူး။ အခုက ကျွန်တော်တို့ တောင်သူလယ်သမားတွေက ဆုပ်လည်းစူး စားလည်းရူးပဲ။ မစိုက်ရင်လည်း လုပ်စရာက မရှိဘူး။ စိုက်ပြန်တော့လည်း ခန့်မှန်းလို့မရတာတွေနဲ့ နစ်သထက်နစ်နေကြပြီ ”
၁၃၊ မတ်လ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းနဲ့ မတ်လဆန်းပိုင်းမှာ အကျဘက်ကို ဦးတည်နေတဲ့ မတ်ပဲဈေးတွေဟာ လက်ရှိအချိန်မှာတော့ အတက်ဘက်ကိုပြန်လည် ဦးမော့လာနေပါတယ်။
ဒါပေမယ့် ရာသီဥတုနဲ့ သီးနှံဖျက်ပိုးတွေကြောင့် မတ်ပဲစိုက်ခင်းတွေ ပျက်စီးတာ၊ အထွက်နူန်း လျော့ကျတာတွေ ဖြစ်ပေါ်နေတာကြောင့် အခုတက်လာတဲ့ ဈေးနူန်းဟာ တောင်သူ လယ်သမားတွေ အတွက် အရှုံးကို မကာမိနိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။
ဒီကနေ့ မတ်ပဲအဖွင့်ဈေးဟာ ငွေကျပ် ၉၇၀၀၀ (ကိုးသောင်းခုနှစ်ထောင်)ကျော်ကစခဲ့ပြီး မွန်းလွဲချိန်မှာတော့ ငွေကျပ် ၁ သိန်းနားထိမြင့်တက်လာခဲ့ပါတယ်။ ဒီအခြေအနေမဟာ မနေ့က မတ်လ ၁၂ ရက်နေ့မှာလည်း ဖြစ်ပေါ်ခဲ့ပေမယ့် အပိတ်ဈေးဟာ ၉၇၀၀၀ ထိပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် မတ်ပဲဈေးဟာ လတ်တလောမှာတော့ ၁ သိန်းဝန်းကျင်မှာ ရှိနေပါတယ်။

“ အခုက ဝယ်လိုအား လိုသလောက် ရောင်းလိုအားမလိုက်နိုင်တာကြောင့် ဈေးတက်လာတာလို့ထင်တယ်။ သေချာကွာလတီမှီအောင်စိုက်နိုင်တဲ့သူတွေက ငွေလိုက်နိုင်တဲ့သူတွေဖြစ်တော့ ဈေးမကိုက်ရင် မရောင်းပဲ ဥ ထားကြတယ်။ ထွက်တာနဲ့ရောင်းတဲ့သူတွေကျတော့ နဂိုကတည်းက ငွေမနိုင်တဲ့သူတွေမို့ မှန်းသလောက် ပဲ ကမထွက်လာဘူး ” လို့ ဟင်္သာတမြို့မှာ နေထိုင်တဲ့ စပါးကုန်သည် ပဲကုန်သည် ကိုမျိုးက မှတ်ချက်ပြုပါတယ်။
သူကိုယ်တိုင်ကလည်း စပါးနဲ့ မတ်ပဲ စိုက်ပျိုးသူဖြစ်ပြီး သူ့ရဲ့မတ်ပဲခင်း ၂ ဧကကျော်ဟာ ဗိုင်းရပ်စ်ပိုးဝင်ပြီး ပျက်ဆီးသွားခဲ့ရသူ ဖြစ်ပါတယ်။

ဒီနှစ် မတ်ပဲစိုက်ခင်းတွေအများစုဟာ ရာသီဥတုကြောင့် စိုက်ပျိုးချိန်နောက်ကျခဲ့ပြီး သွင်းအားစုတွေကို ပြည့်မှီအောင် မသွင်းနိုင်ခဲ့တာကြောင့် အထွက်နူန်းလျော့တဲ့အပြင် ဓနုဖြူ၊ ဟင်္သာတ၊ ကျုံပျော်ခရိုင်တွေအတွင်းမှာ ဗိုင်းရပ်စ်ကြောင့် အပင်တွေဝါကုန်တာကြောင့် ပျက်ဆီးသွားခဲ့တဲ့ စိုက်ကွင်းတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေကြောင့် မတ်ပဲအထွက်နူန်းနဲ့ ရောင်းလိုအားဟာ မျှော်မှန်းထားသလောက် မြင့်တက်မလာတာကြောင့် ဝယ်လိုအားမြင့်လာပြီးဈေးပြန်တက်လာတာမျိုး ဖြစ်နိုင်တယ်လို့ မြောင်းမြမြို့မှာ နေထိုင်တဲ့ ပဲကုန်သည်တဦးက ဆိုပါတယ်။
ဇလွန်မြို့နယ်က မတ်ပဲစိုက်ပျိုးသူ တဦးကတော့ “ ဒါကြီးမဖြစ်ခင် (အာဏာမသိမ်းခင်)က တဧကို အနိမ့်ဆုံး ၂၀ ရတယ် (တင်း ၂၀)။ ခုနောက်ပိုင်း သွင်းအားစုတွေ ဈေးကြီးတော့ မထည့်နိုင် မထည့်နိုင်နဲ့ ဒီနှစ်ဆို ၁၀ ရဖို့တောင် အနိုင်နိုင် ” လို့ ဆိုပါတယ်။
သွင်းအားစုတွေလို့ တောင်သူလယ်သမားတွေခေါ်ကြတဲ့ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်ကောင်းဆေး၊ အပွင့်ကောင်းဆေး၊ အသီးကောင်းဆေး တွေကို ပြည့်မှီအောင် ထည့်သွင်းနိုင်ဖို့ ရောဂါကင်းစင်တဲ့ ပဲမျိုးကို အသုံးပြုနိုင်ဖို့အတွက် တဧကကို ငွေကျပ် ၅ သိန်းလောက်ရင်းနှီးရပါတယ်။
ဒါအပြင်ထွန်ရက်ခ၊ရိတ်သိမ်းခြွေလှေ့ခ၊ သိမ်းဆည်းထုတ်ပိုးခ စသဖြင့်သော ကုန်ကျစရိတ်တွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ယခင်နှစ်တွေကထက် မတ်ပဲဈေးနူန်းတွေမြင့်တက်လာနေပေမယ့် တောင်သူလယ်သမားတွေ အတွက်ကတော့ အရှုံးကို ကာမိနိုင်ဖို့ မသေချာဘူးလို့ ကိုမျိုးက မှတ်ချက်ပြုပါတယ်။
“ အခုပဲဈေးတက်တယ်ဆိုပေမယ့် တောင်သူက ၁၅ (တဧက ၁၅ တင်း) နဲ့အထက်ထွက်ရင်ထွက် မထွက်ရင် ရှုံးမှာပဲ။ ဒီထဲကမှ ကျွန်တော့်လို ပဲခင်းပျက်တာတွေဖြစ်ရင် ဘယ်လိုမှ မကာမိနိုင်ဘူး။ အခုက ကျွန်တော်တို့ တောင်သူလယ်သမားတွေက ဆုပ်လည်းစူး စားလည်းရူးပဲ။ မစိုက်ရင်လည်း လုပ်စရာက မရှိဘူး။ စိုက်ပြန်တော့လည်း ခန့်မှန်းလို့မရတာတွေနဲ့ နစ်သထက်နစ်နေကြပြီ ” လို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ပုံမှန်အားဖြင့် ဧက ၁၀ သိန်းနဲ့အထက် မတ်ပဲစိုက်ပျိုးကြလေ့ရှိပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းကစလို့ ရာသီဥတုနဲ့ သွင်းအားစုဈေးမြင့်တက်မှုတွေကြောင့် မတ်ပဲစိုက်တောင်သူတွေ အရှုံးပေါ်လာပြီး စိုက်ပျိုးဧကအပြည့် မစိုက်နိုင်တော့တဲ့အခြေအနေတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာတော့ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေစတင်လာခဲ့တာ အပါအဝင် အရှုံးဆက်နေတဲ့ တောင်သူလယ်သမားတွေဟာ မတ်ပဲအစားထိုး ဆောင်းသီးနှံ့တွေစိုက်ပျိုးဖို့ စီစဉ်လာခဲ့ကြသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းအစိုးရကလည်း ပြောင်းနဲ့ ဆီထွက်သီးနှံတွေ ပိုမိုစိုက်ပျိုးဖို့ စီမံကိန်းတွေနဲ့ ဖိအားပေးမှုတွေလည်း ရှိလာခဲ့ပါ
တယ်။
#မတ်ပဲစျေးတက် #အထွက်နှုန်းကျ #DeltaNewsAgency #DNA