ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ ရုရှားရေနံတွေကို ရက်ပေါင်း ၃၀ အတွင်း ဝယ်ယူခွင့် အမေရိကန် ခွင့်ပြု

ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၂ ရက်နေ့အထိ သင်္ဘောပေါ်တင်ထားပြီးသား ရုရှားရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေကို ရောင်းချခွင့်နဲ့ ပို့ဆောင်ခွင့်ပြုတဲ့ လိုင်စင်ဟာ ဝါရှင်တန်စံတော်ချိန် ဧပြီလ ၁၁ ရက် ညသန်းခေါင်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

၁၃၊ မတ်။

အီရန်စစ်ပွဲကြောင့် ကမောက်ကမဖြစ်နေတဲ့ ကမ္ဘာ့စွမ်းအင်စျေးကွက်ကို တည်ငြိမ်အောင်လုပ်ဖို့အတွက် လက်ရှိ ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ ရုရှားရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို ဝယ်ယူနိုင်အောင် ရက်ပေါင်း ၃၀ သက်တမ်း ရှိတဲ့ လိုင်စင်တခု အမေရိကန်က ထုတ်ပေးလိုက်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်က ပြောပါတယ်။

အီရန်စစ်ပွဲကြောင့် အဆမတန် တက်နေတဲ့ ရေနံစျေးနှုန်းတွေကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ အရန်ရေနံသိုလှောင်ရုံ ထဲကနေ ရေနံစည်ပေါင်း ၁၇၂ သန်း ထုတ်ပေးမယ်လို့ အမေရိကန် စွမ်းအင်ဌာနက ကြေညာပြီးတရက်အကြာမှာ အခုလို သတင်းထွက်လာတာပါ။

အဲဒီလို ထုတ်ပေးတာဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲဟာ သမိုင်းတလျှောက်မှာ အကြီးမားဆုံး ရေနံတင်ပို့မှု အဟန့်အတား ဖြစ်ပေါ်စေတယ်လို့ အဆိုပါ အေဂျင်စီက မတ်လ ၁၂ ရက်နေ့က ပြောခဲ့ပါတယ်။

ရေနံစျေးနှုန်းဟာ တဘာရယ် (တစည်) ကို အမေရိကန်ဒေါ်လာ ၁၀၀ အထက် ရောက်သွားပြီး နာရီပိုင်း အကြာမှာပဲ ဘတ်ဆင့်က X လူမှုကွန်ရက်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ သူက ဒီလုပ်ရပ်ဟာ ကာလတိုအတွက်ပဲ ဖြစ်ပြီး ရုရှားအစိုးရအတွက် သိသာတဲ့ ငွေကြေးအကျိုးအမြတ် ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ရေနံစျေးနှုန်းတွေ ခေတ္တတက်လာတာဟာ ကာလတို အနှောင့်အယှက်တခုပါပဲ။ ဒါပေမဲ့ ရေရှည်မှာတော့ ကျွန်တော်တို့ နိုင်ငံနဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာမှာပါ” လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စကားကို ကိုးကားပြီး ဘတ်ဆင့်က ပြောပါတယ်။

ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်အရ မတ်လ ၁၂ ရက်နေ့အထိ သင်္ဘောပေါ်တင်ထားပြီးသား ရုရှားရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေကို ရောင်းချခွင့်နဲ့ ပို့ဆောင်ခွင့်ပြုတဲ့ လိုင်စင်ဟာ ဝါရှင်တန်စံတော်ချိန် ဧပြီလ ၁၁ ရက် ညသန်းခေါင်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံအတွက် သီးသန့်ရည်ရွယ်ပြီး ပင်လယ်ထဲမှာ ပိတ်မိနေတဲ့ ရုရှားရေနံတွေကို ဝယ်ယူခွင့်ပြုတဲ့ ရက် ၃၀ သက်တမ်းရှိ ကင်းလွတ်ခွင့်တခုကို ထုတ်ပေးခဲ့ပါသေးတယ်။

စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ နောက်ထပ်ကြိုးပမ်းမှုတခုအနေနဲ့ ထရမ့်အစိုးရဟာ စွမ်းအင်နဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို အမေရိကန်ဆိပ်ကမ်းတွေကြား လွတ်လွတ်လပ်လပ် သယ်ယူနိုင်ဖို့အတွက် Jones Act လို့ ခေါ်တဲ့ သင်္ဘောပို့ဆောင်ရေး စည်းမျဉ်းကို ခေတ္တပယ်ဖျက်ပေးဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အဆိုပါ စည်းမျဉ်းကို ပယ်ဖျက်ပေးလိုက်ရင် နိုင်ငံခြားသင်္ဘောတွေက အမေရိကန်ဆိပ်ကမ်းတွေ ကြားလောင်စာဆီ သယ်ယူခွင့်ရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်တွေ သက်သာသွားနိုင်သလို ပို့ဆောင်မှုတွေလည်း ပိုမြန်လာနိုင်ပါတယ်။

Ref – Reuters