မြန်အောင်မှာ မိုးသီးကြွေပြီး စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ပြိုကျပျက်ဆီး

“ကျောင်းမကြီးမဟုတ်ဘူး၊နောက်မှ ဆောက်တဲ့ထပ်တိုးဆောင်က ပြိုတာ ။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းက သုံးနာရီဝန်းကျမှာပြိုတာ မိုးစရွာတာက နှစ်နာရီခွဲလောက်ကတည်းက ရွာတာ”

၁၂၊ မတ်။

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်ထဲက တာခွ ၊တဲကြီးကုန်း နဲ့ တဆက်တည်းမှာ ရှိတဲ့ ကွမ်းတောရွာမှာ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့က မိုးသက်လေပြင်းနဲ့အတူ မိုးသီးတွေအကြီးအကျယ်ကျရောက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ ပဲခင်းတွေနဲ့ စာသင်ကျောင်း ၊ နေအိမ်တချို့ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပါတယ်။

“နေတွေပူနေရင်းကနေထရွာတာပါ။ မိုးဖွဲလေး ကျနေရင်းနဲ့ လေတွေတိုက် မိုးကြီးလာပြီး နောက်တော့ မိုးသီးတွေချည်းပဲ ရွာချတော့တာ။ ပဲတွေက မှည့်တာတွေ ကွဲတယ် ၊ အစိမ်းတွေကျ အခိုင်တွေကြွေ အဖူးအပွင့်တွေ ပြတ်ကုန်တာပဲ။  ဒီနှစ်ကတော့ အရှုံးချည်းပဲဗျာ” ကွမ်းတောရွာက မတ်ပဲခင်း ပိုင်ရှင်တဦးကပြောပါတယ်။

အဲဒီလို မိုးသီးကြွေကျမှုဟာ ကွမ်းတောရွာမှာ အထိအခိုက် အများဆုံးဖြစ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။ကွမ်းတောကျေးရွာ အုပ်စုထဲမှာပါဝင်တဲ့ ဝန်စိန်ရွာ အမက စာသင်ကျောင်းမှာလည်း မိုးသီးကြွေလို့ ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဝန်စိန်ရွာသားတဦးက ပြောပါတယ်။

“ကျောင်းမကြီးမဟုတ်ဘူး၊နောက်မှ ဆောက်တဲ့ထပ်တိုးဆောင်က ပြိုတာ ။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းက သုံးနာရီဝန်းကျင်မှာပြိုတာ မိုးစရွာတာက နှစ်နာရီခွဲလောက်ကတည်းက ရွာတာ”လို့ ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၄ နာရီကျော်အထိ ဆက်သွယ် အတည်ပြုချက်အရ ကွမ်းတောကျေးရွာအုပ်စုထဲမှာလည်း နေအိမ်အဆောက်အဦးတွေ ပျက်ဆီးခဲ့တာ ရှိပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။

“ကွမ်းတော အုပ်စုမှာပဲ မိုးသီးများများကြွေတာ၊ ဟိုဘက်အုပ်စုတွေမှာ အဲလောက်မဆိုးဘူး။ အခုထိ သိရသလောက်တော့ အနော်တို့ ရွာမှာတင် ၁၅ လုံး ၁၆ လုံးလောက် အိမ်တွေပြိုတယ်”လို့ ကွမ်းတော ရွာခံတဦးက ပြောပါတယ်။

ကွမ်းတောကျေးရွာအုပ်စုထဲမှာ အုန်းကုန်း၊ခတ္တိယ၊ညောင်ကုန်း၊တောင်ကုန်း၊တောင်ယာကုန်း၊အလယ်ကုန်း၊ဇရစ်ထူ၊အနောက်ကုန်း၊ဘုရားကြီးကုန်း၊ဝန်စိန် စတဲ့ကျေးရွာတွေပါဝင်ပါတယ်။

“မတ်ပဲနဲ့ပဲတီစိမ်း တွေရိတ်နေတုန်းပါ။ အခုက ရိတ်မရတော့ဘူးလေ။ မိုးကနည်းပြီး မိုးသီးတွေချည်းပဲ ကျတော့ အခင်းတွေ အကုန်ပျက်ကုန်တယ်။ခြံထဲက သီးပင်စားပင်တွေလည်း အကုန်ပျက်ကုန်တာ ။ အခိုင်နဲ့ ငှက်ပျောပင်တွေလည်း ကျိုးကုန်တာပဲ။ အဲ့လောက်အထိ ဆိုးတယ်”လို့ ကွမ်းတောရွာဒေသခံ တဦးကပြောပါတယ်။

အခုလို မိုးသက်လေပြင်းနဲ့ မိုးသီးကျရောက်တဲ့ ဒဏ်ကို ကွမ်းတောရွာသာမက တာခွ၊ ဆယ်ရွာနဲ့ တလုပ်ကုန်းစတဲ့ ရွာတွေဘက်မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။

“မိုးသီးပမာဏက ဆီးသီးလုံးကြီးခန့်ရှိတယ်။ တပြိုင်ပဲ။ ညနေ ၂ နာရီခွဲလောက်ဖြစ်တာပါ”လို့ တာခွရွာခံတဦးက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသခံတချို့ဟာ ပျက်စီးသွားတဲ့ နေအိမ်နဲ့ စိုက်ခင်းတွေအတွက် ခက်ခဲမှုတွေ ရှိသွားတယ်လို့ ပြောပါတယ်။

“ပီတီစိမ်းတွေဆိုလဲ ကွဲကုန်တယ်။ ပဲတွေက မှည့်နေတော့ မိုးသီးမှန်ပြီး ကွဲတာတွေက ကွဲပေါ့။ ကြွေတာတွေကကြွေ။ မတ်ပဲသမားတချို့တော့ ပျက်သွားတယ်။ ကျတော့် ပဲတီစိမ်းခင်းကတော့ မကြာသေးခင်က ပြီးသွားပြီ။ အခုပျက်တဲ့အခင်းတွေကလည်း နောက်လေးငါးဆယ်ရက်ဆိုပြီးတော့မှာ”လို့ ကွမ်းတောရွာခံက ဆက်ပြောပါတယ်။

လက်တလောအချိန်အထိ မိုးသီးကြွေပြီးနောက် ထိခိုက်ပျက်ဆီးမှုတွေကို တာဝန်ရှိသူတွေဘက်က တရားဝင် ထုတ်ပြန် ကြေညာတာ ၊ လူမှုကူညီကယ်ဆယ် ထောက်ပံ့ရေး ဆောင်ရွက်ပေးတာမျိုးတွေ မရှိသေးပါဘူး။ DNA ကောက်ယူထားတဲ့ စာရင်းတွေအရ ကွမ်းတောမှာ အိမ် ၃ လုံး ၊ အနောက်ကုန်းမှာ အိမ် ၂ လုံး ၊ ဝန်စိန်ကျေးရွာမှာ နေအိမ် ၂ လုံးနဲ့ စာသင်ကျောင်းတွေ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Meteoblue ICON-Global ရဲ့ နောက်လာမယ့် ၁၆၈ နာရီအတွင်း မိုးရေချိန်ခန့်မှန်းချက်အရ ဧရာဝတီတိုင်းဒေသကြီးဟာမိုးရေချိန် ၄၅ မီလီမီတာ (၁ ဒသမ ၇၇ လက်မ) ခန့်ရှိနိုင်ပြီး မိုးအနည်းငယ်သာ ရွာသွန်းနိုင်တဲ့ ဒေသအဖြစ် သတ်မှတ်ထားတာတွေ့ရပါတယ်။