
ဗုဒ္ဓဟူးနေ့မှာပဲ ပင်လယ်ကွေ့ရေပြင်မှာ သင်္ဘော သုံးစင်း ထိမှန်ခဲ့တယ်လို့ သတင်းရပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ သူတို့ရဲ့ အမိန့်ကို မနာခံတဲ့ သင်္ဘောတွေကိုပဲ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။
၁၂၊ မတ်။
အီရန်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ကုန်တင်သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်လိုက်တဲ့အတွက် ရေနံဈေးဟာ တဘာရယ် (တစည်) ကို အမေရိကန်ဒေါ်လာ ၂၀၀ အထိ ဖြစ်လာနိုင်လို့ ကမ္ဘာ့နိုင်ငံတွေကို ကြိုတင်ပြင်ဆင်ထားဖို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ရေနံအကျပ်အတည်းကို သက်သာစေဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီကလည်း စုဆောင်းထားတဲ့ ရေနံအရန်တွေကို အမြောက်အမြား ထုတ်ရောင်းဖို့ အကြံပြုထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့နောက်ပိုင်းမှာလူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေရဲ့ အများစုကတော့ အီရန်နဲ့ လက်ဘနွန်နိုင်ငံသားတွေ ဖြစ်ကြပြီး စစ်ပွဲက လက်ဘနွန်ထိ ကူးစက်လာခဲ့သလို ကမ္ဘာ့စွမ်းအင်ဈေးကွက်နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုပါ ဖရိုဖရဲ ဖြစ်သွားစေပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ စစ်ပွဲစတင်ချိန်ကနေ အခုအချိန်ထိ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့လည်း ဗုဒ္ဓဟူးနေ့မှာ အီရန်ဘက်က အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းတခွင်က ပစ်မှတ်တွေကို ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်သူတို့အနေနဲ့ တိုက်ခိုက်နိုင်စွမ်း ရှိနေသေးတယ်ဆိုတာကို ပြသလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ ပင်လယ်ကွေ့ရေပြင်မှာ သင်္ဘော သုံးစင်း ထိမှန်ခဲ့တယ်လို့ သတင်းရပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ သူတို့ရဲ့ အမိန့်ကို မနာခံတဲ့ သင်္ဘောတွေကိုပဲ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စစ်ရေးစစ်ဆင်မှုတွေကို ဘယ်လောက်ကြာကြာ လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးအတိအကျ မပြောသေးသလို စစ်ပွဲကို ရပ်တန့်ဖို့လည်း အခုချိန်ထိ အဆင်သင့် မဖြစ်သေးဘူးလို့ အရိပ်အမြွက် ပြောပါတယ်။
အမေရိကန်တပ်တွေက အီရန်စစ်သင်္ဘော ၅၈ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
“ကျွန်တော်တို့ ချက်ချင်း ရပ်ပစ်မှာလို့တော့ မဆိုလိုဘူး၊ ဒါပေမဲ့ သူတို့မှာ ရေတပ်လည်း မရှိတော့ဘူး၊ လေတပ်လည်း မရှိတော့ဘူး၊ လေကြောင်းရန် ကာကွယ်ရေး ဘာတခုမှလည်း မရှိတော့ဘူး။ သူတို့မှာ ထိန်းချုပ်နိုင်မယ့် စနစ်တွေလည်း မရှိတော့ဘူး။အခုဆိုရင် အဲဒီနိုင်ငံကို ကျွန်တော်တို့ စိတ်ကြိုက် ဝင်ထွက်သွားလာလို့ ရနေပြီ”လို့ သူက ပြောပါတယ်။
ထရမ့်ဘက်က အခုလို ပြောနေပေမယ့် တကယ်တမ်းမှာတော့ သင်္ဘောတွေ လုံလုံခြုံခြုံ ဖြတ်သန်းလို့ရတဲ့ အရိပ်အယောင် မရှိပါဘူး။
အဆိုပါ လမ်းကြောင်းဟာ အီရန်ကမ်းရိုးတန်းတလျှောက်မှာ ရှိပြီး ကမ္ဘာ့ရေနံရဲ့ ငါးပုံတပုံလောက် သယ်ယူရတဲ့ လမ်းကြောင်းဖြစ်ကာ အခုတော့ ပိတ်ဆို့ခံထားရပါတယ်။
အီရန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူကတော့ ဒီရေလက်ကြားဟာ သေချာပေါက် အီရန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ G7 အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ အီတလီ၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ကပင်လယ်ကွေ့မှာ သင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်အောင် ကာကွယ်စောင့်ရှောက်ပေးမယ့် နည်းလမ်းကို ရှာဖွေဖို့ သဘောတူလိုက်ကြပါတယ်။
အီရန်ဒရုန်းတွေက အမေရိကန်အနောက်ဘက်ကမ်းခြေကို တိုက်ခိုက်လာနိုင်တယ်လို့ FBI က သတိပေးထားကြောင်း ABC News က ဖော်ပြပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အီရန်က အမေရိကန်ပြည်တွင်းကို တိုက်ခိုက်လာမှာကို စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်နဲ့ ပူးပေါင်းထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်ပိုင် ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ စီစဉ်နေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် အဆိုပါ လက်နက်ကိုင်အဖွဲ့တွေက အမေရိကန်တွေ အမြဲတမ်းသွားလာလေ့ရှိတဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးတာကိုလည်း သတိပေးထားပါတယ်။
ရေနံဈေးတွေကတော့ ဒီတပတ်အစောပိုင်းက တဘာရယ် (တစည်) ကို ဒေါ်လာ ၁၂၀ နီးပါးအထိ မြင့်တက်ခဲ့ပြီးမှ ဒေါ်လာ ၉၀ ဝန်းကျင်မှာ ပြန်ငြိမ်နေခဲ့ရာကနေ ဗုဒ္ဓဟူးနေ့မှာတော့ ထောက်ပံ့ရေးပြတ်တောက်မှာကို စိုးရိမ်တဲ့အတွက် ငါးရာခိုင်နှုန်းလောက်ပြန်တက်လာတယ်လို့ သိရပါတယ်။