
ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဒီပဋိပက္ခကို လျင်လျင်မြန်မြန်အဆုံးသတ်ဖို့ ကြိုးပမ်းနေကြချိန်မှာ ထရမ့်ရဲ့ အခုလို တောင်းဆိုချက်က ရှုပ်ထွေးသွားစေနိုင်ပြီး ဘဏ္ဍာရေးစျေးကွက်တွေလည်း လှုပ်ခတ်သွားပါတယ်။
၇၊ မတ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ သောကြာနေ့မှာ ရာဇသံပေးလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးနဲ့အတူ သူစတင်ခဲ့တဲ့ စစ်ပွဲ အခြေအနေကို သိသိသာသာ တင်းမာလာစေတာဖြစ်ပြီး တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း ပိုပြီးခက်ခဲသွားစေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အစ္စရေးက အီရန်နဲ့ လက်ဘနွန်ကို တိုက်ခိုက်မှုအသစ်တွေ လုပ်နေသလို အီရန်ကလည်း အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေချိန်မှာပဲ ပဋိပက္ခကို အဆုံးသတ်ဖို့ နိုင်ငံတချို့က ကြားဝင်စေ့စပ်ပေးနေပြီလို့ အီရန်သမ္မတက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီလို သံတမန်ရေးအရ စတင်ကြိုးပမ်းလာတဲ့ လက္ခဏာတွေ ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်က အခုလို မှတ်ချက်တွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
“ခြွင်းချက်မရှိ လက်နက်ချတာကလွဲလို့ အီရန်နဲ့ ဘာသဘောတူညီချက်မှ ရှိလာမှာမဟုတ်ဘူး” လို့ ထရမ့်က ရေးခဲ့ပါတယ်။
“အဲဒီနောက်မှာတော့ လက်ခံနိုင်စရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်ပြီးရင် ကျွန်တော်တို့နဲ့အတူ ရဲရင့်တဲ့မဟာမိတ်တွေ၊ မိတ်ဘက်နိုင်ငံတွေ ပေါင်းပြီး အီရန်ကို ပျက်စီးတော့မယ့် အခြေအနေကနေ ပြန်ဆွဲတင်ပေးမှာပါ။ စီးပွားရေးအရလည်း အရင်ကထက် ပိုကြီးမား၊ ပိုကောင်းမွန်ပြီး ပိုတောင့်တင်းလာအောင် မနားမနေ ကြိုးစားပေးသွားမှာပါ”လို့ သူက ဆိုပါတယ်။
ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဒီပဋိပက္ခကို လျင်လျင်မြန်မြန်အဆုံးသတ်ဖို့ ကြိုးပမ်းနေကြချိန်မှာ ထရမ့်ရဲ့ အခုလို တောင်းဆိုချက်က ရှုပ်ထွေးသွားစေနိုင်ပြီး ဘဏ္ဍာရေးစျေးကွက်တွေလည်း လှုပ်ခတ်သွားပါတယ်။
ဟော်မုဇ် ရေလက်ကြား ပိတ်သွားတာကြောင့် စွမ်းအင်စီးဆင်းမှု ပြတ်တောက်ကုန်ပြီး ဥရောပနဲ့ အမေရိကန် စတော့စျေးကွက်တွေ ထိုးကျသွားသလို ရေနံစျေးနှုန်းတွေကလည်း ၂၀၂၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးကို ရောက်သွားပါတယ်။
စစ်ပွဲရဲ့ ပထမဆုံးနေ့မှာတင် အသတ်ခံလိုက်ရတဲ့ အယာတိုလာ အလီခါမေနီရဲ့ နေရာမှာ အစားထိုးမယ့် အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်ရာမှာ သူကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ရရမယ်လို့ ထရမ့်က ကြာသပတေးနေ့ ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ကျွန်မတို့ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ အမေရိကန်အစိုးရက စောင့်ကြည့်လေ့လာနေတဲ့ လူစာရင်းတွေရှိနေတယ်ဆိုတာသိထားပါတယ်” လို့ ကာရိုလိုင်း လီဗစ်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အမီရ် ဆာအိဒ် အီရာဗာနီကတော့ ခေါင်းဆောင်သစ်ကို နိုင်ငံခြားစွက်ဖက်မှုမပါဘဲ အီရန်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲ ရွေးချယ်သွားမှာဖြစ်တယ်”လို့သောကြာနေ့မှာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
လက်တွေ့မြေပြင်မှာတော့ အစ္စရေးဟာ လက်ဘနွန်မှာ စစ်ပွဲကို အကြီးအကျယ် ချဲ့ထွင်လာခဲ့ပါတယ်။ မြို့ရဲ့ တောင်ဘက်ဆင်ခြေဖုံးတခုလုံးကနေ ဘေးလွတ်ရာကို ရှောင်ကြဖို့ မကြုံစဖူး အမိန့်ထုတ်ပြန်ပြီးနောက် သောကြာနေ့မှာ မြို့တော် ဘေရွတ်ကိုပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးဟာ အီရန်အပေါ်မှာလည်း တိုက်ခိုက်မှုအသစ်တွေ လုပ်ခဲ့ပါတယ်။ တီဟီရန်မြို့က ဖျက်ဆီးခံထားရတဲ့ ခါမေနီရဲ့ ဝင်းအတွင်း မြေအောက်ဗုံးခိုကျင်းထဲမှာ အီရန်ခေါင်းဆောင်ပိုင်းတွေ ရှိနေတုန်း တိုက်လေယာဉ် အစင်း ၅၀ နဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်ကတော့ တချို့နိုင်ငံတွေက ကြားဝင်စေ့စပ်ပေးဖို့ ကြိုးစားနေကြပြီလို့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ အသေးစိတ် ထည့်မပြောခဲ့ပါဘူး။
အစ္စရေးနိုင်ငံအတွင်းမှာလည်း အီရန်ဘက်က ပစ်ခတ်တာတွေကို လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ပစ်ချနေတာကြောင့်ပေါက်ကွဲသံတွေ ကြားနေရပါတယ်။ ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေမှာလည်း ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုအသစ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Ref – Reuters