
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ရေနံ ၄၅ရာခိုင်နှုန်းလောက်ကို ဒီရေလက်ကြားကနေ ရရှိနေတာပါ။
၆၊ မတ်။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲက ပိုပြင်းထန်လာတာကြောင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံစိမ်းနဲ့ ကာတာကလာတဲ့ သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောတွေဘေးကင်းကင်း ဖြတ်သန်းခွင့်ရဖို့ တရုတ်နိုင်ငံက အီရန်နဲ့ ဆွေးနွေးနေတယ်လို့ သံတမန်သတင်းရင်းမြစ် သုံးခုက ရိုက်တာသတင်ိးဌာနကို ပြောပါတယ်။
ကြာသပတေးနေ့မှာ ခြောက်ရက်မြောက်နေ့ထဲ ရောက်လာတဲ့ စစ်ပွဲကြောင့် အရေးပါတဲ့ အဆိုပါ သင်္ဘောလမ်းကြောင်းဟာ ပိတ်လုနီးပါး ဖြစ်နေပြီး တကမ္ဘာလုံးက ရေနံနဲ့သဘာဝဓာတ်ငွေ့ရည် လိုအပ်ချက် ငါးပုံတပုံလောက်ကိုလည်း ဖြတ်တောက်လိုက်သလိုဖြစ်နေပါတယ်။
အီရန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အရှေ့အလယ်ပိုင်းက လောင်စာဆီတွေအပေါ်အကြီးအကျယ် မှီခိုနေရတဲ့ တရုတ်နိုင်ငံဟာ အခုလို ရေလက်ကြားကနေ သင်္ဘောအသွားအလာတွေကို အီရန်က ရပ်တန့်အောင် လုပ်နေတဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး သင်္ဘောတွေကို ဘေးကင်းကင်း ဖြတ်သန်းခွင့်ပေးဖို့ တီဟီရန်ကို ဖိအားပေးနေတယ်လို့သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ရေနံ ၄၅ရာခိုင်နှုန်းလောက်ကို ဒီရေလက်ကြားကနေ ရရှိနေတာပါ။
သင်္ဘောခြေရာခံ အချက်အလက်တွေအရ Iron Maiden လို့ခေါ်တဲ့ သင်္ဘောတစင်းဟာ သူ့ရဲ့ အချက်ပြစနစ်ကို တရုတ်ပိုင်အဖြစ် ပြောင်းလိုက်ပြီးတဲ့နောက် ညတွင်းချင်းပဲရေလက်ကြားကို ဖြတ်သန်းသွားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဈေးကွက် ငြိမ်သက်သွားဖို့ဆိုရင် အခုထက်ပိုတဲ့ သင်္ဘောအစင်းရေ အများကြီး ဖြတ်သန်းသွားလာနိုင်ဖို့ လိုအပ်ပါတယ်။
အီရန်ဟာ ပင်လယ်ကွေ့ထဲက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ရေလက်ကြားကိုဖြတ်သန်းနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားပြီးပဋိပက္ခစတင်ကတည်းက ရေနံစိမ်းဈေးနှုန်းဟာ ၁၅ ရာခိုင်နှုန်းကျော် တက်သွားပါတယ်။
အီရန်ရဲ့ ဒုံးကျည်တွေဟာ ဆိုက်ပရပ်စ်၊ အဇာဘိုင်ဂျန်နဲ့ တူရကီနိုင်ငံတွေအထိတောင်ရောက်ရှိခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေပြီး စီးပွားရေးအင်အားကြီးနိုင်ငံတွေက ငွေကြေးဖောင်းပွမှုအန္တရာယ်ကို သတိပေးနေကြရပါတယ်။
Vortexa သင်္ဘောခြေရာခံ အချက်အလက်တွေအရ ဇန်နဝါရီလကတည်းက တရက်ကိုပျမ်းမျှ သင်္ဘော ၂၄ စင်း ဖြတ်သန်းခဲ့ရာကနေ တိုက်ပွဲတွေစဖြစ်ပြီး နောက်တနေ့ မတ်လ ၁ရက်နေ့မှာတော့ ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေနံတင်သင်္ဘော လေးစင်းပဲ ရှိပါတော့တယ်။ Vortexa နဲ့ Kpler တို့ရဲ့ အဆိုအရ ရေလက်ကြားထဲမှာ ရေနံတင်သင်္ဘော ၃၀၀လောက် ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သကြားလုပ်ငန်းကျွမ်းကျင်သူ Mike McDougall ကတော့ အခုလောလောဆယ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ သင်္ဘောတချို့ရှိတယ်လို့ အရှေ့အလယ်ပိုင်းက သကြားလုပ်ငန်းရှင်တွေက ပြောကြောင်းနဲ့ အဆိုပါ သင်္ဘောတွေဟာ တရုတ် ဒါမှမဟုတ် အီရန်ပိုင်သင်္ဘောတွေပဲ ဖြစ်တယ်လို့ ရိုက်တာကို ပြောပါတယ်။
ဒူဘိုင်းအခြေစိုက် Al Khaleej Sugar ရဲ့ မန်နေဂျင်းဒါရိုက်တာ Jamal Al-Ghurair ကတော့သကြားတင်ဆောင်လာတဲ့ သင်္ဘောတချို့ကို လက်ရှိမှာ ဖြတ်သန်းခွင့်ပေးထားပြီး တချို့ကိုတော့ ပေးမဖြတ်ဘူးလို့ ရိုက်တာကို ပြောပါတယ်။
အမေရိကန်၊ အစ္စရေး၊ ဥရောပနိုင်ငံတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ ဘယ်သင်္ဘောကိုမဆို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်အစိုးရက အခု သီတင်းပတ်အစောပိုင်းမှာ ပြောခဲ့ပေမဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ တရုတ်နိုင်ငံကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
Ref – Reuters