
“တပေါင်းလပြည့်နေ့တုန်းက ၁၀ နှစ်ကလေးကို ၁၅၀၀ ကောက်တယ်။ ခြင်းလေး နှစ်လုံးပါတာကို ၅၀၀ စီ ကောက်တယ်။ အဲ့ဒါ အဲ့အစ်မက လျော့ပေးပါဦး ပြောတာကို မစီးနိုင်ရင် မစီးနဲ့လို့ပြောတာ လေသံကလည်း သူ့လုပ်စား စားနေတာကျနေတာပဲ။ ကျွန်တော်က နေ့တိုင်းအလုပ်သွားရတော့ နေ့တိုင်းမြင်နေရတာ ခုရက်ပိုင်း ဇက်ဆိပ်မှာ ရန်မဖြစ်တဲ့ရက်ကို မရှိဘူး ”
၀၄၊ မတ်လ။
ဇလွန်ဇက်ကူးခကို ဆယ်ကျော်သက် ကလေးတွေကိုပါ တဦးကို ငွေကျပ် ၁၅၀၀ ထိကောက်ခံနေပြီး ခရီးသည်တွေကိုလည်း မချေမငံဆက်ဆံတာတွေ လုပ်နေပါတယ်။
“ကလေးတွေကို ဆယ်နှစ်အောက်ဆို ၅၀၀ ကွယ်။ အလယ်တန်းကျောင်းသား ဆယ်ကျော်သက်တွေကိုကျ ၁၅၀၀ တဲ့။ ၅၀၀ ကောက်တော်ပြီပေါ့ လူကောင်ထွားပေမယ့် မျက်နှာကျ ကလေးမျက်နှာလေးတွေမှန်း သိသာနေတာပဲကို။ အဲ့ဒါ ၁၅၀၀ ကောက်တယ်။ ကလေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကို ကူဖို့ ခုဆို ပဲသိမ်း၊ ငရုတ်ခူး၊ ကိုင်းထဲကူဖို့လိုက်ကြတယ်။ ဇက်ကူးခက တခေါက် ၁၅၀၀ ဆို အသွားအပြန် ၃၀၀၀ ဖြစ်နေပြီလေ ” လို့ ဇလွန်နဲ့ နန်းတော်ကျွန်းကို နေ့စဉ်ကူးသန်းပြီး အရောင်းအဝယ်ပြုလုပ်နေသူ တဦးက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က ဇက်ဆိပ်မှာ ဇက်ကူးလုပ်ငန်း လုပ်ကိုင်ဖို့ လေလံအောင်မြင်သွားသူက ဇက်ကူးခ (ကူးတို့ခ)ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုတ်တရက်မြှင့်တင်လိုက်ပြီး ကလေးသူငယ်တွေနဲ့ တပိုင်တနိုင် အထုတ်ငယ်လေးတွေအထိ ငွေတောင်းခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
(ဆက်စပ်သတင်းလင့်-https://www.facebook.com/photo.php?fbid=1340773394762401&set=pb.100064892582655.-2207520000&type=3)
ဒီလိုမျိုး ဆိုင်ကယ်ကူးခ၊ လူကူးခတွေအပြင် တပိုင်တနိုင် အထုတ်သေးလေးတွေနဲ့ ကလေးငယ်တွေကိုပါ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေမှုအပေါ် ဒေသခံတချို့က တိုင်ကြားဖို့ကြိုးစားခဲ့ကြပေမယ့် လေလံအောင်မြင်ကြသူတွေဟာ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းတွေ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ တိုင်စာပေးပို့ဖို့ ကြိုးစားခဲ့သူ တဦးက ပြောပါတယ်။
“သူတို့ ဇလွန်ဘုရားပွဲ မစခင်က မြို့နယ်ရုံးမှာ ဇက်ခဈေးတက်သွားတဲ့ဟာကို သွားရှင်းရတယ်။ ကျွန်တော်တို့တိုင်လို့တော့ မဟုတ်ဘူး ကျွန်တော်တို့ မတိုင်လိုက်ရဘူး DNA က သတင်းတက်လာလို့ သွားရှင်းရတာ။အဲ့လိုသွားရှင်းပြီးမှပဲ ပိုဆိုးလာတယ်။ နင်တို့ပြောချင်တာပြော ေ-ာက်ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုး။ ခုငွေကောက်တဲ့ မိန်းမက ညောင်တုန်းကတဲ့ စကားပြောလည်း သိပ်ရိုင်းတာပဲ ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း ဇလွန်ဘုရားပွဲ နောက်ဆုံးရက်ဖြစ်တဲ့ တပေါင်းလပြည့်နေ့က ငွေကောက်ခံသူရဲ့ စကားပြော ရိုင်းစိုင်းမှုကြောင့် ခရီးသည်တဦးနဲ့ အချင်းများခဲ့ကြပြီး လုံးထွေးသတ်ပုတ်လုနီးပါး အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ နန်းတော်ကျွန်း ဘက်ကမ်းကနေ ဇလွန်မြို့ပေါ်ကို အလုပ်သွားလုပ်နေသူ တဦးက ပြောပါတယ်။
“ တပေါင်းလပြည့်နေ့တုန်းက ၁၀ နှစ်ကလေးကို ၁၅၀၀ ကောက်တယ်။ ခြင်းလေး နှစ်လုံးပါတာကို ၅၀၀ စီ ကောက်တယ်။ အဲ့ဒါ အဲ့အစ်မက လျော့ပေးပါဦး ပြောတာကို မစီးနိုင်ရင် မစီးနဲ့လို့ပြောတာ လေသံကလည်း သူ့လုပ်စား စားနေတာကျနေတာပဲ။ ကျွန်တော်က နေ့တိုင်းအလုပ်သွားရတော့ နေ့တိုင်းမြင်နေရတာ ခုရက်ပိုင်း ဇက်ဆိပ်မှာ ရန်မဖြစ်တဲ့ရက်ကို မရှိဘူး ” လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ဇလွန်ဇက်ဆိပ်လေလံ လက်လွှဲခြင်းကို ဧပြီလမှသာ ပြုလုပ်ကြလေ့ရှိပြီး ငွေတိုးမြှင့်ကောက်ခံခြင်းကိုလည်း အများသိကြေညာပြီးမှ ကောက်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ ကျပ်သိန်း ၁၅၀၀ ဝန်းကျင်နဲ့ ဇက်ကူးခွင့်ရရှိခဲ့တဲ့ ကိုတိုင်းကျော်စိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ဇက်ကူးခကို မြှင့်တင်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။
ဇလွန်မှာ ဇလွန်နဲ့ နန်းတော်ကျွန်းကျေးရွာ အုပ်စုကို ဖြတ်သန်းကူးပေးနေတဲ့ ဇက်ဆိပ်တခုသာရှိပြီး ဒီဇက်ဆိပ်ကို နန်းတော်ကျွန်းကတဆင့် ရန်ကုန်တိုင်းအတွင်းက အဖျောက်မြို့ အထိ ကုန်စည်စီးဆင်းမှုတွေ ရှိနေတာကြောင့် တရက်ကို ခရီးသွားပေါင်း ၅၀၀ နဲ့ ၇၀၀ ကြားမှာ သွားလာလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့ ဇလွန်ဘုရားပွဲကာလမှာတော့ လူပေါင်း ထောင်နဲ့ချီ အကူးအသန်းပြုလုပ်ခဲ့ကြပါတယ်။
ဇလွန်မြို့နဲ့ နန်းတော်ကျွန်းဘက်ကမ်းက ဇက်ဆိပ်ကို အသုံးပြုပြီး ကူးသန်းသွားလာ ကုန်သွယ်နေကြသူ တွေကတော့ ဇက်ကူးခ တိုးမြှင့်ခြင်းကို စနစ်တကျနဲ့ ဖြစ်သင့်တဲ့နူန်းထားမှာသာ ညှိနှိုင်းထားပေးစေလိုပြီး ကလေးငယ်တွေနဲ့ အထုတ်ငယ်တွေအတွက် ငွေကြေးကောက်ခံခြင်းကိုတော့ မပြုလုပ်စေချင်ကြဘူးလို့ DNA ကိုပြောကြပါတယ်။