
“မနှစ်က တခန်းကို တသိန်းခွဲ ပဲရှိတယ်။ အခုက ငါးသိန်းခွဲအထိ ဖြစ်သွားတာ။ ကျွန်တော်တို့လည်း အခက်ကြုံနေရတယ်”
၂၇၊ ဖေဖော်ဝါရီ။
မော်တင်စွန်း ဘုရားပွဲတော် ကာလအတွင်း လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးဧည့်သည်တွေအကြား အစားအသောက်နဲ့ သွားလား တည်းခိုးခရီးစရိတ်တွေ စျေးနှုန်းကြီးမြင့်မှုအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
“စျေးလည်းကြီးတယ်။ မတန်တဆတွေ။ အဓိကကတော့ မေးပြီးမှ စားပါ။ မဟုတ်ရင် ဂျင်းမိလိမ့်မယ်”လို့ ရန်ကုန်ကနေ မော်တင်စွန်းဘုရားလာဖူးသူ တဦးက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မော်တင်စွန်း ဘုရားပွဲက ပြန်လာခဲ့တဲ့ ပုသိမ်သူတဦးဖြစ်တဲ့ မမေ(အမည်လွှဲ)က ဆိုင်ခန်းလေလံခတွေ ဈေးကြီးတဲ့အတွက် ပွဲတော်ထဲမှာ အခုလို ဈေးကြီးတာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
“များသောအားဖြင့် ဆိုင်ကြီးတွေက ဈေးကြီးတယ်။ ပျံကျဆိုင်သေးလေးတွေက ဈေးသင့်ပါတယ်”လို့ သူမက မှတ်ချက်ပေးပါတယ်။
မော်တင်စွန်း ဘုရားပွဲကို ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဆံတော် ကိန်းဝပ်ပူဇော်ထားတဲ့ စေတီတဆူအဖြစ် အနယ်အနယ် အရပ်ရပ်က ဘုရားဖူးတွေ နှစ်စဉ်လာလေ့ရှိကြပြီး ဒီလိုအချိန်မှာ ဈေးဆိုင်တွေက စီးပွားရေး ဆန်ဆန် ဈေးတင်ရောင်းချနေကြတာကို ဒေသခံတွေက စိတ်မသက်မသာ ဖြစ်နေကြပုံရပါတယ်။
“မြေပြင်မှာ လိုက်လံစစ်ဆေးပြီး ထိန်းသိမ်းတာမျိုးတွေလုပ်နေပေမဲ့ ၁၂ ပွဲ စျေးသည်တွေရဲ့ စျေးတင်ရောင်းမှုတွေက ရှိနေတာပါ။ စျေးသည်တွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်းအားနည်းတာပါ။ အရင်က ထမင်းအဝစား ၅၀၀၀ ပါ။အခုက ၇၀၀၀ လို အနေအထားဖြစ်နေတယ်”လို့ ခမောက်မော် ဒေသခံတဦးက ပြောပါတယ်။
DNA က မော်တင်စွန်း ဘုရားပွဲကို ရောက်ခဲ့သူ ၁၀ ဦးခန့်ကို လိုက်လံမေးကြည့်ရာမှာ ဘုရားပွဲအတွင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ သင်္ဘောခ၊ကားခ၊တည်းခိုခ၊ထမင်းတနပ်စာ စသဖြင့် ဈေးနှုန်းတွေက တဦးနဲ့တဦး မတူညီကြပဲ ကွဲပြားနေတာ တွေ့ရပါတယ် ။ အလျှင်းသင့်သလို အခြေအနေကြည့်ပြီး ဈေးနှုန်းတွေ သတ်မှတ်နေတယ်လို့လည်း ယူဆရပါတယ် ။ ဘုရားဖူး အများစုကတော့ စားသောက်ဆိုင်တွေရဲ့ ဈေးနှုန်းတွေ အပြင် အစားအစာတွေ သန့်ရှင်းလတ်ဆတ်မှု မရှိတာကိုလည်း ထောက်ပြကြပါတယ်။
မော်တင်ဘုရားပွဲမှာ ဆိုင်ခန်းတွေကို A၊ B၊ C၊ D အနေနဲ့ အဆင့်ခွဲပြီး ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဆိုင်ခန်း လေလံ အနေနဲ့ မော်တင်စွန်း ပွဲခင်းမှာ ၃၂၆ ခန်း ၊ ငွေတောင်ကမ်းခြေမှာ ၁၀၆ ခန်း ၊ သောင်ပြင်တန်းမှာ ၇၅ ခန်းကို လေလံကော်မတီက ခွင့်ပြုပေးထားပြီးပြီလို့ သိရပါတယ်။
တဖက်မှာလည်း ဈေးဆိုင်တွေကို အမှန်တကယ်ရောင်းချသူတွေ မဟုတ်ပဲ လေလံကော်မတီနဲ့ နီးစပ်သူတွေက လက်ဝါးကြီးအုပ် နေရာဦးထားပြီး ဈေးတင်ပြီး ပြန်ရောင်းချနေတာတွေလည်း ရှိနေတယ်လို့ ဈေးရောင်းသူ တဦးက ပြောပါတယ်။
“မနှစ်က တခန်းကို တသိန်းခွဲ ပဲရှိတယ်။ အခုက ငါးသိန်းခွဲအထိ ဖြစ်သွားတာ။ ကျွန်တော်တို့လည်း အခက်ကြုံနေရတယ်” လို့ ဈေးဆိုင်ပိုင်ရှင် တဦးက DNA ကိုပြောပါတယ်။
ဆိုင်ခန်းခတွေနည်းတူ ပုသိမ်၊မော်တင် ဘုရားဘူးသင်္ဘောလက်မှတ်တွေ ပုံမှန် လက်မှတ်အရောင်းဌာန တွေမှာ ဝယ်မရလို့ မှောင်ခိုမှာ ဈေးပိုပေးပြီး ဝယ်နေရတာ ၊ သင်္ဘောဆိပ်ကနေ တဆင့် စေတီရှိရာ ကမ်းခြေအထိ သွားရတဲ့ ကျောက်ချောင်းဆိပ်မှာ ကားခ၊သုံးဘီး(အိုးဝေ)ခတွေ ဈေးကြီးတာလည်း ကြုံတွေနေကြရပါတယ်။
ပုံမှန်အားဖြင့် တဦးကို ၅၀၀၀ ဈေးသတ်မှတ်ထားပေမယ့် သူတို့က တဦးကို ၆၅၀၀ ပေးခဲ့ရတယ်လို့ နေပြည်တော်ကနေ ဘုရားဖူးလာတဲ့ မထွေး(အမည်လွှဲ) က ပြောပါတယ်။
“သူတို့ရာသီကိုး ၊ ကားက ၄၅ မိနစ်လောက်တော့ စီးရပါတယ်။ ရင်ပြင်အထိလည်း ပို့ပေးတယ်”လို့ သူမက မှတ်ချက်ပေးပါတယ်။
ဒါပေမယ့် ပုသိမ်ကနေ လာခဲ့တဲ့ ဘုရားဖူးအမျိုးသမီးတဦးကတော့ ကျောက်ချောင်းကနေ Light Truck တစီးငှားခ ငါးသောင်း ပေးခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ဘုရားဖူးအဖွဲ့က ဆယ်ဦးပါဝင်တဲ့အတွက် တဦးကို ငါးထောင်သာ ကျသင့်ခဲ့တယ်လို့ ပြောပါတယ်။
ရပ်ဝေး ဘုရားဖူးတွေ အနေနဲ့ မဖြစ်မနေ ညအိပ်ဖို့ရန်အတွက် ကိုယ်တတ်နိုင်တဲ့ အပေါ်မှာ မူတည်ပြီး တည်းခိုခန်းတွေ အသီးသီးရှိသလို အလှူငွေ ထဲ့ဝင်ပြီး တည်းခိုလို့ရတဲ့ ဘုန်းကြီးကျောင်းတွေ ၊ ဘုရားခြေရင်းမှာ ရှိတဲ့ လိုက်ဂူအဆောင်တွေ ရှိနေပါတယ်။နေပြည်တော်ကနေ ဘုရားဖူးလာခဲ့တဲ့ မထွေးကတော့ အိမ်သာ တခါသုံး ၅၀၀ ကျပ် ၊ ရေတခါချို့ ၂၀၀၀ ကျပ် ပေးခဲ့ရပေမယ့် ရေချိုးခန်းရော အသုံးပြုရတဲ့ ရေတွေရော သန့်ရှင်းမှု မရှိဘူးလို့ ပြောပါတယ်။
“အစားအသောက်ကတော့ ကိုယ့်ဘာသာ ထည့်လာတာ ဆိုတော့ အဆင်ပြေတယ်။၀ယ်စားတာ အဆင်မပြေဘူး။ နောက်တစ်ခုက ရေမသန့်ဘူး ။ ရေချိုးခန်းက ရေကသွားမတိုက်ရဲဘူး အနောက်တွေ မျက်နှာတောင် ရေသန့်သူး နဲ့ သစ်ရတယ်”လို့ မထွေးက မှတ်ချက်ပေးပါတယ်။
ပုသိမ်သူ မမေကတော့ ပုသိမ်ကနေ မော်တင်ကို သွားတဲ့ ပုသိမ်သူ ၁၇ ရဲ့ ကြံ့ခိုင်ရေး မကောင်းတဲ့အပေါ်မှာ ပြုပြင်စေချင်တယ်လို့ မှတ်ချက်ပေးပါတယ်။
“လုံးဝမမိုက်ဘူး အောက်ခံသံပြားတွေက သံချေးစားပြီးပေါက်ပြဲနေတယ် သင်္ဘောကတော်တော်စုတ်နေပြီ”လို့ ဆိုပါတယ်။ သုံးမယ်ဆိုရင်တော့ တော်တော့်ကို ပြင်ဆင်ပြီးမှ သုံးသင့်တယ်လို့ ဆိုပါတယ်။ ပြောရရင် ကြံ့ခိုင်ရေး မကောင်းဘူးပေါ့လို့လည်း သူမက ရယ်ရယ်မောမော မှတ်ချက်ပေးခဲ့ပါတယ်။