
ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ သံရုံးဝန်ထမ်း ၄၀ ခန့်ဟာ ဘေရွတ်နိုင်ငံတကာလေဆိပ်ကနေတဆင့် ထွက်ခွာသွားပြီလို့ လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တခုကAFP သတင်းဌာနကို ပြောပါတယ်။
၂၄၊ ဖေဖော်ဝါရီ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေတာကြောင့် ဘေရွတ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ မရှိမဖြစ် မဟုတ်တဲ့ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့ မှာ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ပါတယ်။
အီရန်ဟာ လက်ဘနွန်အခြေစိုက် ရှီဟ်ုက်လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာနဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
“ဒါဟာ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ဖို့အတွက် ယာယီလုပ်ဆောင်တဲ့ အစီအမံတခု ဖြစ်ပါတယ်။ တဘက်မှာလည်းကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ကူညီပေးနိုင်မယ့် စွမ်းဆောင်ရည်ကိုတော့ ဆက်ထိန်းထားမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ သံရုံးဝန်ထမ်း ၄၀ ခန့်ဟာ ဘေရွတ်နိုင်ငံတကာလေဆိပ်ကနေတဆင့် ထွက်ခွာသွားပြီလို့ လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တခုကAFP သတင်းဌာနကို ပြောပါတယ်။
အဆိုပါ အမိန့်ဟာ အရေးပေါ်မဟုတ်တဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်သာ သက်ရောက်တာဖြစ်ပြီး သံရုံးကိုတော့ ဆက်လက်ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ လုံခြုံရေးအခြေအနေကို အမြဲတမ်း သုံးသပ်နေပါတယ်။ အခုနောက်ဆုံး ပြန်လည်စစ်ဆေးချက်အရဆိုရင်တော့ လိုအပ်တဲ့ အဓိကဝန်ထမ်းတွေပဲ ထားရှိဖို့ ဆုံးဖြတ်လိုက်တာက ပိုပြီးသတိရှိရာ ရောက်မယ်လို့ ယူဆပါတယ်” လို့ အမေရိကန်အရာရှိက ပြောပါတယ်။
သမ္မတထရမ့်ဟာ အီရန်ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားသလို အဲဒီဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အလုံးအရင်းနဲ့ တိုးမြှင့်ချထားဖို့လည်း အမိန့်ပေးထားပါတယ်။
အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကစလို့ တခြားစိုးရိမ်စရာကိစ္စရပ်တွေအတွက် ခက်ခဲတဲ့ သဘောတူညီချက်တခုကို လက်ခံရမယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့လက လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ အီရန်ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရကတော့ ကြာသပတေးနေ့မှာ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာသံတမန်ရေးအရ နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာနိုင်ပါတယ်။