မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို WCC ရှုတ်ချ

သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ မြန်မာနိုင်ငံက Mennonite ကမ္ဘာ့ညီလာခံ အဖွဲ့ဝင်အသင်းတော်တခုဖြစ်တဲ့ Bible Missionary Church က အသင်းတော်ဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

၁၈၊ ဖေဖော်ဝါရီ။

မြန်မာနိုင်ငံက အရပ်သားပြည်သူတွေနဲ့ လူနေရပ်ကွက်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ကမ္ဘာ့ခရစ်ယာန်အသင်းတော်များကောင်စီ (WCC) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက Mennonite ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချင်းပြည်နယ်၊ တလန်ခွါ (Tlangkhua) ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ ဗုံးဒဏ်ကြောင့် လူ ခြောက်ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တခြားလူအများအပြားလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ချက်အတွင်း အသိပေးထားပါတယ်။

သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ မြန်မာနိုင်ငံက Mennonite ကမ္ဘာ့ညီလာခံ အဖွဲ့ဝင်အသင်းတော်တခုဖြစ်တဲ့ Bible Missionary Church က အသင်းတော်ဝင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ သင်းထောက်တဦး၊ ဘဏ္ဍာထိန်းတဦးနဲ့ လူငယ်ခေါင်းဆောင် နှစ်ဦးတို့ ပါဝင်ပါတယ်။ အသင်းတော်ဝင် ၁၁ ဦးကတော့ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဗုံးကျတဲ့နေရာနဲ့ မနီးမဝေးမှာလည်း အသင်းတော် ဘုရားကျောင်းအဆောက်အအုံသစ်တခု ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲမှုဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က မတူပီမြို့နယ်ကို တိုက်ခိုက်ခဲ့တာ အပါအဝင် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေထဲက တခုပဲ ဖြစ်ပါတယ်။

Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ ၁၅ လအတွင်းမှာ အရပ်သားတွေ နေထိုင်ရာ နေရာပေါင်း ၁,၀၀၀ ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁,၇၂၈ ဦး သေဆုံးခဲ့ရပါတယ်။

WCC အထွေထွေအတွင်းရေးမှူးချုပ် သိက္ခာတော်ရဆရာ ပရော်ဖက်ဆာ ဒေါက်တာ ဂျယ်ရီပလေးက အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို အခုလို ရှုတ်ချလိုက်ပါတယ်။

“အခုလို ဆက်တိုက်တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာဥပဒေကိုရော၊ လူ့ဂုဏ်သိက္ခာနဲ့ အသက်ခန္ဓာရဲ့ မြင့်မြတ်မှုကိုပါ ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

“Mennonite အသင်းတော်နဲ့အတူ မြန်မာနိုင်ငံမှာ ဒုက္ခခံစားနေရတဲ့ လူမှုအသိုက်အဝန်းအားလုံးနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ရှိနေပါတယ်” လို့လည်း သူက ပြောကြားပါတယ်။