အွန်လိုင်းပေါ်က မိုးလေဝသပညာရှင်အယောင်ဆောင်ပေ့ချ်ရဲ့ အန္တရာယ် 

 

အွန်လိုင်းပေါ်က မိုးလေဝသပညာရှင်အယောင်ဆောင်ပေ့ချ်ရဲ့ အန္တရာယ် 

 

၂၀၂၆ ဖေဖော်ဝါရီ ၁၆

(FactCheck_DNA)

 

မိုးလေဝသ သတင်းတွေ သဘာဝဘေးအန္တရာယ်တွေ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ လူထုကို စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေနိုင်တဲ့ပို့စ်တွေ မကြာခဏပျံ့နှံ့နေပါတယ်။

 

မိုးလေဝသသတင်းတွေကို တကိုယ်ရည်အမြင်နဲ့ ခန့်မှန်းပြောဆိုပေးနေတဲ့ ဒေါက်တာ စိုင်းခွန်အာကာ ဆိုတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ တင်ပြနေတဲ့ မိုးလေဝသခန့်မှန်းချက်တွေက ပြည်သူတွေအကြားဝေဖန်မှုတွေနဲ့ သံသယဖြစ်စရာတွေနဲ့ ခန့်မှန်းချက်အမှားတွေ ရေးသားနေတာကိုလည်းတွေ့ရပါတယ်။

 

ဒေါက်တာစိုင်းခွန်အာကာဆိုတဲ့ပေ့ချ်က  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ ၈ရက်က တင်ထားတဲ့ ပို့စ်မှာ မြန်မာနိုင်ငံက နေရာအများစုနဲ့ ထိုင်းနိုင်ငံအချို့ဒေသတွေမှာ လေပြင်း ဒါမှမဟုတ် လေတိုက်ကြမ်းနိုင်တယ်ဆိုပြီး ခန့်မှန်းရေးသားထားခဲ့ပါတယ်။

https://archive.ph/VdBU0 

အဲ့ဒီလို ခန့်မှန်းရေးသားတဲ့အချိန်မှာလည်း အများပြည်သူ အခမဲ့ အသုံးပြုနိုင်တဲ့ မိုးလေဝသ ဝဘ်ဆိုက်ဒ်တွေဖြစ်တဲ့ JMA၊ UKMO၊ GEM၊ GFS၊ ECMWF၊ ICON၊ WRF တို့လို နိုင်ငံတကာက မိုးလေဝသ မော်ဒယ်တွေကို ကိုးကားထားပြီး ခန့်မှန်းပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။

 

ဒေါက်တာစိုင်းခွန်အာကာဆိုတဲ့ ပေ့ချ်  က Professional Research Meteorologist နဲ့ Atmospheric Scientist အဖြစ် ကိုယ့်ကိုယ်ကိုယ်တင်ပြထားတာကိုလည်းတွေ့ရပြီး  မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုဖော်ပြထားတဲ့ အထောက်အထားမရှိပါဘူး။ အဲ့ဒီပေ့ချ်ကိုPage transparency ကနေဝင်ရောက်စစ်ဆေး ကြည့်လိုက်တဲ့အခါမှာတော့ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ကမှ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီပေ့ချ်ကို   Admin စုစုပေါင်း ၈ဦးက ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံ (၁)ဦးနဲ့ မြန်မာ (၇) ဦးဆိုပြီး ပြသထားတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံက လူမှုမီဒီယာအသုံးပြုသူတွေက အဲ့ဒီပေ့ချ် က ခန့်မှန်းရေးသားထားတဲ့ မိုးလေဝသသတင်းတွေကို ယုံကြည်မှုရှိနေကြပြီး ပြန်လည်မျှဝေတာမျိုးတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်က အဲ့ဒီအကောင့်ကနေ ကိုးကားတဲ့ နိုင်ငံတကာwebsite တွေဟာ (premium) ဝက်ဘ်ဆိုက်တွေဖြစ်တာကြောင့် သူအခုလို ဆက်လက်ခန့်မှန်းပြောဆိုနိုင်ဖို့အတွက် ပံ့ပိုးငွေ ပေးလှူနိုင်တယ်ဆိုတဲ့အကြောင်း ပို့စ်တင်ခဲ့ဖူးပြီး ဖေဖော်ဝါရီ၊ ၁၁ရက်မှာ 

ပြန်လည် ဖြုတ်ချပစ်လိုက်တာကို တွေ့ရပါတယ်။

https://archive.ph/sAqJl 

သတင်းစိစစ်ချက်

JMA (Japan Meteorological Agency) – ဂျပန်မိုးလေဝသဌာနကနေ ထုတ်လုပ်တဲ့ ကမ္ဘာ့လေထုဖြန့်ကျက်မှုကို ခန့်မှန်းတဲ့ ဂလိုဘယ်မော်ဒယ်ဖြစ်ပါတယ်။

ဆိုင်းကလုန်း နာဂစ်ကို JMAရဲ့ nonhydrostatic model (NHM) နဲ့ ပြန်လည်တွက်ချက်နိုင်ခဲ့သလို မြန်မာနိုင်ငံအနောက်တောင်ပိုင်း မုန်တိုင်းဒီရေကိုပါ တိတိကျကျခန့်မှန်းနိုင်ခဲ့ပေမယ့် မုန်တိုင်းဗဟိုပြုရာလမ်းကြောင်းမှာ ခန့်မှန်းချက် အမှားအယွင်းရှိနိုင်ပါသေးတယ်။JMA – https://www.jma.go.jp/jma/indexe.html 

UKMO (UK Met Office) – ဗြိတိန်မိုးလေဝသဌာနက ထုန်လုပ်တဲ့ ကမ္ဘာ့အဆင့်မီ မော်ဒယ်တခုဖြစ်ပြီး နိုင်ငံတကာ ၁၀ကီလိုမီတာနဲ့ UK ဒေသအတွက် ၂ကီလိုမီတာအထိ အသေးစိတ်ခန့်မှန်းနိုင်တဲ့ မော်ဒယ်တခုဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်မီမော်ဒယ်တခုဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံအတွက် သီးသန့်စမ်းသပ်အတည်ပြုထားတဲ့ သုတေသနစာတမ်းမရှိသေးသလို meteoblue ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ဒေသအများစုအတွက် အသုံးပြုနိုင်ပေမဲ့လည်း ဒေသအလိုက် တိကျမှုကွာခြားနိုင်ပါတယ်။

UKMO – https://www.metoffice.gov.uk/ 

GEM (Global Environmental Multiscale Model) – Canada မိုးလေဝသဌာက ထုတ်လုပ်တဲ့ ကမ္ဘာ့မော်ဒယ်တခုဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ ၁၅ကီလိုမီတာနဲ့ မြောက်အမေရိကအတွက် ၂.၅ကီလိုမီတာ အထိ ခန့်မှန်းနိုင်ပါတယ်။

ကမ္ဘာ့အဆင့်မီမော်ဒယ်တခုဖြစ်ပေမယ့်လည်း အရှေ့တောင်အာရှဒေသမှာ တခြားမိုးလေဝသမော်ဒယ်တွေလောက် ရေပန်းစားတာမျိုးမရှိသလို မြန်မာ-ထိုင်း ဒေသတွေအတွက် သီးသန့်စမ်းသပ် အတည်ပြုထားတဲ့ သုတေသနတွေလည်း မရှိသေးပါ။

GEM – https://collaboration.cmc.ec.gc.ca/science/rpn/gef_html_public/index.html 

GFS (Global Forecast System) – အမေရိကန် NOAA/ NCEP ကထုတ်တဲ့ ကမ္ဘာ့အကျော်ကြားဆုံးမော်ဒယ်တခုဖြစ်ပြီး resolution  ၂၂ကီလိုမီတာနဲ့ ၄၀ကီလိုမီတာရှိပြီး Ensemble စနစ်နဲ့ ၃၈၄နာရီအထိခန့်မှန်းနိုင်နဲ့ မော်ဒယ်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ အခမဲ့ရယူသုံးစွဲနိုင်သလို အသုံးအများဆုံးမော်ဒယ်တခုဖြစ်ပေမဲ့ GFS တခုတည်းကိုသာ ကြည့်ပါက ပထမ ၃ရက်ကနေ၅ရက်အတွင်း ခန့်မှန်းချက်လွဲမှားနိုင်ပြီး Ensemble စနစ်နဲ့ သုံးမှပဲ ပိုတိကျပါတယ်။

GFS – https://www.ncei.noaa.gov/products/weather-climate-models/global-forecast 

ECMWF (European Centre for Medium-Range Weather Forecasts) ဥရောပမိုးလေဝသဌာနတွေစုပေါင်းပြီး ထုတ်လုပ်တဲ့ ကမ္ဘာ့အတိအကျဆုံးမော်ဒယ်လို့ သတ်မှတ်ခံထားရပြီးတော့ IFS (၂၀ကီလိုမီတာ) နဲ့ ENS (၃၀ကီလိုမီတာ) ဆိုပြီး နှစ်မျိုးရှိတဲ့ မော်ဒယ်တခုဖြစ်ပါတယ်။

ဆိုင်ကလုန်း နာဂစ်လေ့လာမှုတွေမှာ ECMWF မော်ဒယ်ကို အခြေခံတဲ့ ခန့်မှန်းချက်တွေပါဝင်ခဲ့ပြီး မုန်တိုင်းလမ်းကြောင်းခန့်မှန်းရာမှာ အထူးကောင်းမွန်သလို meteoblueရဲ့ အဆိုအရ ECMWFက တခြားမိုးလေဝသမော်ဒယ်တွေထက် တိကျမှုရှိတဲ့ မော်ဒယ်တခုဖြစ်တယ်လို့ သိရပါတယ်။

ECMWF – https://www.ecmwf.int/en/forecasts 

ICON (Icosahedral Nonhydrostatic Model) – ဂျာမနီမိုးလေဝသဌာန ကနေထုတ်လုပ်တဲ့ မော်ဒယ်တခုဖြစ်ပြီး တကမ္ဘာလုံးဆိုင်ရာ ၁၃ကီလိုမီတာနဲ့ ဥရောပ ၇ကီလိုမီတာအထိ ခန့်မှန်းနိုင်တဲ့ မော်ဒယ်တခုဖြစ်ပါတယ်။

ဥရောပဒေသအတွက် ဒီဇိုင်းထုတ်ထားတဲ့ ကမ္ဘာ့အဆင့်မှာ အသုံးပြုနိုင်တဲ့မော်ဒယ်တခုဖြစ်ပြီး မြန်မာနိုင်ငံအတွက်လေပြင်းခန့်မှန်းနိုင်ပေမဲ့လည်း မြန်မာနိုင်ငံအတွက် သီးသန့်စမ်းသပ်အတည်ပြုထားတဲ့ သုတေသနာမျိုးရှာမတွေ့ပါ။

ICON – https://www.dwd.de/EN/research/weatherforecasting/num_modelling/01_num_weather_prediction_modells/icon_description.html 

WRF (Weather Research and Forecasting Model) ဒီသေဆိုင်ရာမော်ဒယ်တခုဖြစ်ပြီး တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေမှာ လွတ်လပ်စွာ ပြုပြင်အသုံးပြုနိုင်တဲ့ မော်ဒယ်တခုဖြစ်သလို အမေရိက၊ တောင်အဖရိက စတဲ့ ဒေသတွေအတွက် ၇ကီလိုမီတာ အထိခန့်မှန်းနိုင်တဲ့ မော်ဒယ်တခုဖြစ်ပါတယ်။

ဆိုင်ပကလုန်း နာဂစ်ကို WRFရဲ့ ရှေ့ပြေးမော်ဒယ်ဖြစ်တဲ့ NCAR/ PSU MMR နဲ့ ခန့်မှန်းနိုင်ခဲ့ပြီး WRFက ပြုပြင်သတ်မှတ်နိုင်တဲ့ မော်ဒယ်ဖြစ်တာကြောင့် မြန်မာနိုင်ငံလို ပထဝီဝင်ရှုပ်ထွေးတဲ့ မြေမျက်နှာပြင်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ မော်ဒယ်တခုဖြစ်ပါတယ်။

WRF – https://www.mmm.ucar.edu/models/wrf 

သုံးသပ်ချက်

ဒေါက်တာစိုင်းခွန်အာကာဆိုတဲ့ လူမှုစာမျက်နှာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၁၀ရက်မှာ တင်ထားတဲ့ အလှူခံပို့စ်ကို တရက်အကြာမှာ ဖြုတ်ချပစ်တာမျိုးကိုတွေ့ရတာကြောင့် အဲ့ဒီ လူမှုမီဒီယာအကောင့်အနေနဲ့ သူရဲ့ ခန့်မှန်းချက်တွေအပေါ်တာဝန်ယူမှုမရှိတာနဲ့ အထောက်အထားဖျောက်တာကို ပြသနေပါတယ်။

ဒေါက်တာဆိုတဲ့ အမည်နာမကို အရှေ့ကတပ်ပြီး မိုးလေဝသနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ခန့်မှန်းပြောဆိုနေပေမဲ့လည်း မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာ ဘွဲ့ရပညာရှင်တဦး ဟုတ်၊မဟုတ် ခိုင်မာတဲ့သက်သေလည်း မတွေ့ရပါဘူး။

အဲ့ဒီအကောင့်ပိုင်ရှင်အသုံးပြုထားတဲ့ မော်ဒယ်အားလုံးရဲ့ windy.comလိုမျိုး ပလက်ဖောင်းတွေက ဘယ်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ဒေတာတွေဖြစ်ပြီး ဒီ နာမည်တွေကို အသုံးပြုပြီး လူမှုမီဒီယာအသုံးပြုသူတွေဆီက ငွေကြေးတောင်းခံတာက လိမ်လည် လှည့်ဖြားမှုတခုသာဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #မိုးလေဝသသတင်းမှား #မိုးလေဝသသတင်း #ရာသီဥတုသတင်း