တီမောလက်စတေ သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင် နှင်ထုတ်

အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တီမောအစိုးရတို့ တွေ့ဆုံခဲ့တဲ့ကိစ္စကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းကလည်း တီမောရဲ့ အဆင့်မြင့် သံတမန်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ဖူးပါတယ်။

၁၆၊ ဖေဖော်ဝါရီ။

ချင်းလူ့အခွင့်အရေးအဖွဲ့တခုက တီမောလက်စတေနိုင်ငံ မြို့တော်ဒီလီမှာ မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲလိုက်တယ်လို့ ပြောဆိုပြီးနောက် မြန်မာနိုင်ငံမှာရှိတဲ့ တီမောရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ကို နှင်ထုတ်လိုက်ကြောင်းစစ်ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက် တနင်္ဂနွေနေ့ မှာ ကြေညာလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့စွပ်စွဲခံထားရတာဖြစ်ပြီး အဆိုပါ ချိုးဖောက်မှုတွေဟာ များသောအားဖြင့် တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားတာပါ။

ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ လက်ရှိ တရားရင်ဆိုင်နေရပါတယ်။

တီမောနိုင်ငံဟာ စစ်ကောင်စီကို စစ်ရာဇဝတ်မှုရော၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပါ သီးခြားအမှုဖွင့်လိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဒီလထဲမှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ CHRO အဖွဲ့က ပြောတာကတော့ သူတို့အဖွဲ့က တင်သွင်းထားတဲ့ “ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲကိုစစ်ဆေးဖို့အတွက် တီမောက အဆင့်မြင့် အစိုးရရှေ့နေတဦးကို ခန့်အပ်ထားပြီးပြီ” လို့ ဆိုပါတယ်။

ဒီအမှုကို စုံစမ်းဖို့အတွက် ဒီလီဘက်က အစိုးရရှေ့နေ ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းဟာ “အလွန်စိတ်ပျက်စရာကောင်းတယ်” လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီမောရဲ့ သံရုံးယာယီတာဝန်ခံကို ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ တပတ်အချိန်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

CHRO အဖွဲ့ရဲ့ အဆိုအရ စစ်ကောင်စီကို တရားစွဲထားတဲ့ အမှုထဲမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်မှုနဲ့ ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ “ငြင်းမရတဲ့ သက်သေအထောက်အထားတွေ” ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုတွေကို ပြည်တွင်းတရားရုံးတွေမှာ စစ်ဆေးခွင့်ပြုတဲ့Universal Jurisdiction လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့် မူဝါဒအရဒီတိုင်ကြားချက်ကို တင်သွင်းခဲ့တာပါ။

အဆိုပါ အမှုနဲ့အတူ ကြီးထွားလာတဲ့ သံတမန်ရေးရာ တင်းမာမှုတွေကြောင့်အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့တဲ့ အခြေအနေ ဖြစ်လာပါတယ်။

တီမောနိုင်ငံဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာမှ အာဆီယံအဖွဲ့ထဲကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တာပါ။

“အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့နဲ့ အပြန်အလှန် ဝင်ရောက်မစွက်ဖက်ဖို့” ဆိုတဲ့ အာဆီယံ ပဋိညာဉ်ပါ အချက်တွေကို တီမောက ချိုးဖောက်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တီမောအစိုးရတို့ တွေ့ဆုံခဲ့တဲ့ကိစ္စကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းကလည်း တီမောရဲ့ အဆင့်မြင့် သံတမန်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ဖူးပါတယ်။

Ref – AFP