ဘေဂျင်းနဲ့ ဆက်ဆံရေးတင်းမာနေချိန် တရုတ်သင်္ဘောတစင်းကို ဂျပန် ဖမ်းဆီး

စစ်ဆေးဖို့အတွက် ရပ်ခိုင်းတာကို မရပ်ဘဲ ထွက်ပြေးခဲ့တာကြောင့် အခုလို ဖမ်းဆီးလိုက်တာဟာ ဘေဂျင်းနဲ့ တင်းမာမှုတွေကို ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။

၁၃၊ ဖေဖော်ဝါရီ။

ဂျပန် ငါးလုပ်ငန်း အေဂျင်စီရဲ့ အဆိုအရ ဖေဖော်ဝါရီ ၁၂ရက်နေ့က ဂျပန်နိုင်ငံအနောက်တောင်ဘက် နာဂါစကီစီရင်စု အလွန်က ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာတရုတ်သင်္ဘောတစင်းကို တားဆီးခဲ့ပြီး သင်္ဘောကပ္ပတိန်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ငါးလုပ်ငန်း စစ်ဆေးရေးအရာရှိက စစ်ဆေးဖို့အတွက် သင်္ဘောကို ရပ်ခိုင်းခဲ့ပေမဲ့ ကပ္ပတိန်က အမိန့်ကို မနာခံဘဲ ထွက်ပြေးခဲ့တယ်” လို့ ငါးလုပ်ငန်းအေဂျင်စီက ပြောပါတယ်။

စစ်ဆေးဖို့အတွက် ရပ်ခိုင်းတာကို မရပ်ဘဲ ထွက်ပြေးခဲ့တာကြောင့် အခုလို ဖမ်းဆီးလိုက်တာဟာ ဘေဂျင်းနဲ့ တင်းမာမှုတွေကို ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။

အဆိုပါ ဖမ်းဆီးမှုဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ဂျပန်က တရုတ်ငါးဖမ်းသင်္ဘောကိုပထမဆုံးအကြိမ် ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ထုတ်ပြန်ချက်အပေါ် တရုတ်ဘက်က တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။

သင်္ဘောပေါ်မှာ လူ ၁၁ ယောက် ပါလာပြီး အဲဒီထဲမှာ အသက် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသား ကပ္ပတိန်လည်း ပါဝင်တယ်လို့ ငါးလုပ်ငန်းအေဂျင်စီက ဆိုပါတယ်။

အာဏာပိုင်တွေနဲ့ ဂျပန်မီဒီယာတွေကတော့ ဖမ်းမိတဲ့သင်္ဘောဟာ ငါးအမြောက်အမြားဖမ်းနိုင်တဲ့ ကျားပိုက်သုံး ငါးဖမ်းသင်္ဘော အမျိုးအစားဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

“နိုင်ငံခြားသင်္ဘောတွေရဲ့ တရားမဝင် ငါးဖမ်းဆီးမှုတွေကို တားဆီးဖို့နဲ့ ဟန့်တားဖို့အတွက် ကျွန်တော်တို့ရဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပြတ်ပြတ်သားသား ဆက်လုပ်သွားမှာပါ” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ခိဟာရက သောကြာနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်ဖို့ ကြိုးစားရင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောခဲ့တာကြောင့် တရုတ်ဘက်က ဒေါသထွက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာပဲ အခုလို သင်္ဘောဖမ်းဆီးမှု ဖြစ်လာတာပါ။

တရုတ်တပြည်ထောင်တည်း မူဝါဒအရ ထိုင်ဝမ်ဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ ဘေဂျင်းအစိုးရက အခိုင်အမာဆိုထားတာပါ။

တရုတ်ဘက်ကတော့ ပြန်လည်ပေါင်းစည်းရေးလို့ ခေါ်တဲ့ ရည်မှန်းချက်အတွက်လိုအပ်ရင် အင်အားသုံးမယ်ဆိုတာကိုလည်း ငြင်းဆိုထားတာ မရှိပါဘူး။

ဂျပန်ဝန်ကြီးချုပ် တာကာအိချိရဲ့ ပြောကြားချက်တွေဟာ လွန်လွန်ကဲကဲ ဆိုးရွားတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပြီး ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေကိုလည်း ဂျပန်မှာ သွားရောက်လည်ပတ်တာနဲ့ ပညာသင်ကြားတာတွေကို ပြန်စဉ်းစားဖို့ သတိပေးခဲ့ပါတယ်။

ဒါကြောင့်လည်း ဂျပန်ကို လာလည်တဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည် အရေအတွက်ဟာသိသိသာသာ လျော့နည်းသွားပြီး ခရီးသွားလုပ်ငန်းနဲ့ လက်လီရောင်းဝယ်ရေးဆိုင်ရာဂျပန်ရှယ်ယာတွေလည်း ထိခိုက်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ သံတမန်ရေးရာ အငြင်းပွားမှုတွေ ပိုပြင်းထန်လာတာကြောင့်တာကာအိချိအနေနဲ့ သူ့ရဲ့ ပြောကြားချက်တွေကို ပြန်ရုပ်သိမ်းဖို့ ဘေဂျင်းက ထပ်ခါတလဲလဲ တောင်းဆိုခဲ့သလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မီးနဲ့ မကစားဖို့ ဂျပန်ကို သတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဖျော်ဖြေရေးခရီးစဉ် သွားနေတဲ့ ဂျပန်အနုပညာရှင်တွေလည်း ပွဲတွေဖျက်သိမ်းခံခဲ့ရသလို လူကြိုက်များတဲ့ ဂျပန်ရုပ်ရှင်ကားတွေ ရုံတင်ဖို့ကိုလည်းနောက်ဆုတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကဆိုရင် ဂျပန်မှာရှိတဲ့ နောက်ဆုံးကျန်တဲ့ ပန်ဒါဝက်ဝံ နှစ်ကောင်ကို တရုတ်နိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။

Ref – BBC