ရပ်ကွက်ထဲ အရက်မူးရမ်းတဲ့သူကို ဖမ်းပြီး စစ်မှုထမ်းဖို့ စစ်တပ်ထဲကိုပို့

“တော်တော်ဆိုးနေတယ် အခု၊ ညနေဘက်တွေကို အပြင်သိပ်မထွက်ရဲတော့ဘူး။ ထွက်ရင်လည်း မှတ် ပုံတင်တို့ ဘာတို့အကုန်ယူသွားရတယ်။ အဖမ်းအဆီးတွေ များလာတယ်။

၉၊ ဖေဖော်ဝါရီ။

ဧရာ၀တီတိုင်း ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်မှာ အရက်မူးပြီး ဆူပူနေတဲ့ လူငယ်တဦးကို အုပ်ချုပ်ရေးအဖွဲ့က ဖမ်းခေါ်သွားပြီး စစ်မှုထမ်းဖို့ စစ်တပ်ဆီကို ပို့လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မူးပြီးတော့ အိမ်မှာ မိသားစုတွေကို နည်းနည်း ဆူဆူပူပူ လုပ်တယ်ထင်ပါတယ်။ အဲဒါကို မိသားစု ရပ်ကွက်ရုံးကို တိုင်လိုက်တာ၊ ထိန်းပေးဖို့သွားတိုင်တာပေ့ါ၊ အဲဒါကို ဖမ်းခေါ်ပြီးတော့ တခါတည်း စစ်မှု ထမ်းပို့လိုက်တယ်။ တပ်ထဲကို ပို့လိုက်တယ်။ ပြန်ကို မလွှတ်ပေးတော့ဘူး” လို့ အမည်မဖော်လိုသူ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အမှတ်(၂)ရပ်ကွက်မှ ဦးပြုံးရဲ့သား ကိုရွှေတောင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၄ ရက်နေ့ မှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ရန်ကုန်ကနေ ပုသိမ်ကို ပြန်လာ တဲ့ လူငယ်နှစ်ဦးကို မြို့အဝင် ကိုးဆူဂိတ်မှာ စစ်ကော်မရှင်တပ်သား တွေက ဖမ်းဆီးသွားခဲ့ပြီး ပြန်လွှတ်မပေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“တော်တော်ဆိုးနေတယ် အခု၊ ညနေဘက်တွေကို အပြင်သိပ်မထွက်ရဲတော့ဘူး။ ထွက်ရင်လည်း မှတ် ပုံတင်တို့ ဘာတို့အကုန်ယူသွားရတယ်။ အဖမ်းအဆီးတွေ များလာတယ်။ ဘွဲ့ရလူငယ်တွေကို စာရင်း ကောက်ထားတာလည်း စစ်မှုထမ်းဖို့ ခေါ်တော့မယ်ဆိုပြီး အသံတွေ ထွက်နေတယ်” လို့ ပုသိမ်မြို့မှာ တက္ကသိုလ်တက်နေတဲ့ နောက် ဆုံးနှစ် တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

စစ်တပ်ဟာ ဧရာ၀တီတိုင်းအတွင်းမှာ စစ်မှုထမ်းမယ့်လူ ငှားရမ်းဖို့အတွက် စစ်မှုထမ်းကြေးတွေ အတင်း အကြပ် ကောက်ခံနေတဲ့အပြင် မတရားဖမ်းဆီးတာ၊ ပေါ်တာဆွဲတာတွေလည်း အခုနောက်ပိုင်း ခပ်စိပ်စိပ် ရှိလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ထဲက မွေတော်တယ်ချောင်း အုပ်စုထဲမှာပါတဲ့ တည်ချောင်းရွာ၊ ပေါက် တိန်းရွာ၊ သမှဲ့ချောင်းရွာ၊ တရုပ်စုရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို နေ့ဘက်တွေမှာပါ အဓမ္မပေါ်တာဆွဲတာတွေ လုပ်နေပြီး အခုနှစ်လအတွင်း ပေါ်တာဆွဲခံရသူ နှစ်ဦးရှိသွားပြီလို့ ဒေသခံတ ဦးက ပြောပါတယ်။

ဒါ့အပြင် ဓနုဖြုမြို့နယ်၊ နှဲကြိုးကျေးရွာ အုပ်စုနဲ့ ဇလွန်မြို့နယ် ဆင်လမ်း၊ ဝါးပတော၊ ကော့ကပ်ကြီး ကျေးရွာအုပ်စုတွေမှာလည်း ဆင်းရဲနွမ်းပါးပြီး လက်လုပ်လက်စားများတဲ့ကျေးရွာငယ်လေးတွေမှာ စစ်မှုထမ်းထောက်ပံ့ကြေးပေးကြပေမယ့် စစ်မှုထမ်းမဲပေါက်လို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ် တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကဆိုရင် အင်းလုပ်သား အများစု နေထိုင်တဲ့ နှဲကြိုးကျေးရွာအုပ်စုထဲက ကျုံအိပ်ကျေးရွာမှာ မနက်ပိုင်း ပဲနှုတ်လိုက်ပြီး ပြန်လာတဲ့ လူငယ်တဦးကို နယ်ထိန်းနဲ့ အုပ်ချုပ်ရေးအ ဖွဲ့က ဖမ်းဆီး ခေါ် ဆောင်သွားခဲ့ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့လတွေတုန်းက ကျေးရွာအုပ်စုတခုက တလမှာ လူတယောက်နှုန်း ဝန်းကျင်သာ စစ်မှုထမ်းခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း တရွာတယောက်နှုန်းထိ တိုးခေါ်နေတာကြောင့် စစ်မှု ထမ်းကြေးတွေလည်း တိုးပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။

ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အကိုင်နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ်တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ၊ ပြောင်းရွှေ့ရသူ ၆၈ ရာခိုင်နှုန်း၊ အဓမ္မလူသစ်စုဆောင်း ခြင်းနဲ့ ငွေကြေးအမြတ်ထုတ်ခံရမှုကြုံရသူ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါ တယ်။

စစ်မှုထမ်း လစဉ်ကြေးအနေနဲ့လည်း တလမှာ တသိန်းအထက် ပေးရသူ ၁၀ ရာခိုင်နှုန်းကျော်၊ ငါ းသောင်းကနေ တသိန်းထိ ပေးရသူ ၃၆ ရာခိုင်နှုန်းကျော်နဲ့ ငါးသောင်းအောက်ပေးရသူ ၅၂ ရာခိုင်နှုန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ ဒီချုပ်ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံကို အာဏာသိမ်းပြီးနောက် စစ် တပ်ဟာ  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲ ဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အားများစွာ ဆုံးရှုံးထားရပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုး သမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ် တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်သင်တန်းပေး ရှေ့တန်းပို့ကာ အသေခံ တိုက်ခိုင်းတာတွေ ရှိနေ တယ်လို့ ကိုယ်တိုင်စစ်မှုထမ်းပါသွားပြီး ထွက်ပြေးလွတ်မြောက် လာခဲ့ကြသူတွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြထားကြပါတယ်။