
“ အရင်ကဆိုရင် ပင်လယ်နဲ့ ဝေးတဲ့ အထက်အညာက လူတွေအရမ်းလာကြတာ။ ခုလိုအချိန်ဆို စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်တော့မှာဆိုတော့ ကျွန်တော်တို့လို ကိုယ်ပိုင်ကားဆွဲတဲ့သူတွေဆီမှာကိုမှ အော်ဒါတွေက တန်းစီနေတာ။ ဘယ်မှ မပတ်နိုင်ဘူး။ ခုကျ အော်ဒါလေး တကြောင်းရရင်ကို သူတို့ကို ညှိပြီး ပတ်ပို့တာတွေ လုပ်ရတယ် ”
၇၊ ဖေဖော်ဝါရီလ။
ဧရာဝတီတိုင်းအတွင်းက နာမည်ကြီး ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ နဲ့ ငွေဆောင် ကမ်းခြေတွေမှာ ဟိုတယ်ကြီးတချို့ ပိတ်ထားကြပြီး ၊ ဟိုတယ်တချို့မှာတော့ ဝန်ထမ်းအင်အား လျှော့ချထားရတဲ့အထိ ဧည့်သည်အဝင် နည်းပါးနေပြီး ခရီးသွားလုပ်ငန်း စီးပွားရေးကျဆင်းနေပါတယ်။
“တကယ်က လူတွေအလာများလို့ ဟိုတယ်တွေ ပြည့်နေတာမျိုး မဟုတ်ပါဘူး။ ဟိုတယ်တွေ ပိတ်ထားတာတွေရှိတယ်။ တချို့ဟိုတယ်တွေကလည်း အလုပ်သမားမရှိတော့ လူများများ လက်မခံတာတွေ ရှိတယ်။ ကျွန်မတို့က မှာတာတွေ လိုက်ပို့နေရတော့ သိတယ်” ” လို့ ငွေဆောင်ကမ်းခြေမှာ ပင်လယ်စာတွေကို အိမ်ချက်/ပို့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံတဦးက ဆိုပါတယ်။
နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် အဆင့်မီ ဟိုတယ်ကြီးတွေအနေနဲ့ ဝင်ငွေအရရော ၊ လူအရင်းအမြစ်အရရော ရပ်တည်ဖို့ ခက်ခဲနေပြီး ပိတ်ထားရတာတွေ ရှိသလို ၊ တချို့ ဟိုတယ်ကြီးတွေမှာ ဧည့်သည်ဦးရေ အကန့်အသတ် နဲ့သာလက်ခံပြီး ရပ်တည်နေကြတယ်လို့ ဒေသခံလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ဟိုတယ်တွေကျ ဟိုတယ်ဈေး မဟုတ်လား။ ဟိုတယ်ဈေးဆိုတော့ ဝန်ဆောင်မှုမကောင်းလို့ အတိုင်ခံရရင် ငွေညစ်တာခံရပြန်ရော အဲ့တော့ ဟိုတယ်က ဖွင့်တယ်။ ဒါပေမယ့် လူသိပ်လက်မခံဘူးပေါ့ အဲ့လိုမျိုး”လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဟိုတယ် စီးပွားရေးလုပ်ငန်းတွေ မကောင်းတော့တာလို့ သူက ဖြည့်ဆွက်ပြောပါတယ်။ တဖက်မှာလည်း ဟိုတယ်လုပ်ငန်းတွေမှာ ဝန်ဆောင်မှု ပေးဖို့ အရည်အသွေးရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ အထူးသဖြင့် လူငယ်တွေ ရှားပါးကုန်တာလည်း စိန်ခေါ်မှု တခုလို့ မှတ်ချက်ပေးပါတယ်။
“ အလုပ်သမားတွေကျတော့လည်း သူတိူ့မှာ သင်တန်းတွေတက်ရ လက်မှတ်တွေယူရ တွေလုပ်ထားကြပြီး တကယ့်တကယ်ကျ ၂ သိန်း ၃ သိန်းဆိုတော့ သူတိူ့မလုပ်နိုင်ကြဘူး။ အဲ့တော့ ဒီဟိုတယ်တွေမှာ အလုပ်ဝင်တယ် အတွေ့အကြုံ ရသွားပြီဆို ရန်ကုန်တို့ ၊ နေပြည်တော်တို့ သွားကြ နိုင်ငံခြားကို သွားကြပေါ့” ပြောပါတယ်။
စစ်ကောင်စီလက်အောင်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဒီနှစ်ဆန်းပိုင်းမှာပဲ ဧရာဝတီတိုင်းအတွင်းက အပန်းဖြေ ကမ်းခြေတွေကို ခရီးသွားဝင်ရောက်မှုဟာ ၂ သောင်း ၂ ထောင်ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအရေအတွက်ဟာ အာဏာမသိမ်းခင်ကာလက ကမ်းခြေတခုတည်းကို လာရောက်ကြတဲ့ လူဦးရေကို မမီဘူးလို့ ချောင်းသာကမ်းခြေမှာ တည်းခိုဆောင်ဖွင့်လှစ်ထားသူ တဦးက ပြောပါတယ်။
“ လူနှစ်သောင်းဆိုတာ ၂၀၁၈ – ၁၉ တုန်းက ငွေဆောင်တခုတည်းကိုလာတဲ့ လူလောက်တောင် မရှိဘူး။ အဲ့တုန်းကဆို ခရီးသွားရာသီတွေ၊ ပိတ်ရက်ရှည်တွေဆိုရင် လူ ၅ သောင်း ဆိုတာ အေးဆေးပဲ။ ဖော်ရိန်နာ(နိုင်ငံခြားသားဧည့်သည်)တွေဆိုတာ နေရာတိုင်းမှာ တွေ့ရတယ်။ ခုဆို ဖော်ရိန်နာတွေ အရမ်းနည်းလာတယ်။ သူတို့ကလည်း ကျွန်တော်တို့ကို သတိထားပြီး ဆက်ဆံတာတွေ ကြုံရတယ် ” လို့ ဆိုပါတယ်။
အခုလို ခရီးသွားတွေ အဝင်နည်းလာတာဟာ မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ မတည်မငြိမ်ဖြစ်နေတာတွေ အပြင် ပြည်သူတွေရဲ့ စီးပွားရေး ချွတ်ခြုံကျမှု၊ ခရီးသွားလာရေး စရိတ်နဲ့ စည်းကမ်းတင်းကြပ်မှုတွေကြောင့်လို့ သူက မှတ်ချက်ပြုပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်မှာ ၅ သောင်းဝန်းကျင်၊ ၂၀၂၄ ခုနှစ်မှာ ၄ သောင်းကျော် ၊ ၂၀၂၅ ခုနှစ်မှာ ၃ သောင်း ၉ ထောင်ကျော်နဲ့ ယခုနှစ် ၂၀၂၆ ခုနှစ်မှာတော့ ၂ သောင်း ၂ ထောင်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်တွေဟာ ခရီးသွားလာမှုများတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ပိတ်ရက်တွေအတွင်း လာရောက်ကြတဲ့ ခရီးသွားတွေကို မှတ်တမ်းတင်ထားမှုပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခုလ ဖေဖော်ဝါရီအတွင်း ပိတ်ရက်ရှည်တွေ ရှိတာကြောင့် ဧရာဝတီတိုင်းထဲက အပန်းဖြေ ကမ်းခြေတွေဖြစ်ကြတဲ့ ချောင်းသာ၊ ငွေဆောင် အပါအဝင် ဂေါ်ရင်ဂျီ၊ ရွှေသောင်ယံ စတဲ့ကမ်းခြေတွေက ဟိုတယ်တွေကို ဘိုကင်လုပ်လို့မရတော့ပဲ ဖြစ်နေကြတာကြောင့် ခရီးသွားတွေ များပြားနိုင်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာနဲ့ သူ့ကိုထောက်ခံတဲ့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဒီလိုသတင်းမျိုးဟာ နှစ်တိုင်းလိုထွက်လာလေ့ရှိပေမယ့် အမှန်တကယ် ကမ်းခြေတွေမှာတော့ လူဝင်ရောက်မှု နည်းပါးလာသလို ဟိုးယခင်ကလို ရပ်ဝေးကနေ လာရောက်နိုင်ကြတဲ့သူတွေလည်း နည်းပါးသွားတယ်လို့ ပုသိမ်မြို့နယ်ကနေ ကမ်းခြေတွေကို ကားပြေးဆွဲနေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
“ အရင်ကဆိုရင် ပင်လယ်နဲ့ ဝေးတဲ့ အထက်အညာက လူတွေအရမ်းလာကြတာ။ ခုလိုအချိန်ဆို စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်တော့မှာဆိုတော့ ကျွန်တော်တို့လို ကိုယ်ပိုင်ကားဆွဲတဲ့သူတွေဆီမှာကိုမှ အော်ဒါတွေက တန်းစီနေတာ။ ဘယ်မှ မပတ်နိုင်ဘူး။ ခုကျ အော်ဒါလေး တကြောင်းရရင်ကို သူတို့ကို ညှိပြီး ပတ်ပို့တာတွေ လုပ်ရတယ် ” လို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကတော့ ဒီကမ်းခြေတွေက ဟိုတယ်တွေမှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ပြီးဖဲ့တဲ့ ဇန်နဝါရီလတုန်းက အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် တဖက်မှာတော့ ဧရာဝတီတိုင်းအတွင်းမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်ဧရိယာတွေမှာ ပြင်းထန်နေပါတယ်။ အပန်းဖြေကမ်းခြေတွေရှိရာ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ရခိုင်ပြည်နယ် အဆုံး ဂွမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး စစ်တပ်က ရေတပ်၊လေတပ်အပြင် မြေပြင်ကပါ အင်အားဖြည့်တင်းပြီး ပြန်လည်ထိုးစစ်ဆင်နေပါတယ်။ ချောင်းသာ ကမ်းခြေနဲ့ ၂၅ မိုင်ခန့်သာ အကွာအဝေးရှိတဲ့ မကျီးဇင်၊ ဘောမိ စတဲ့ ကျေးရွာတွေဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေက ကြိုကြား၊ကြိုကြား ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကျောင်းသားတွေရဲ့ နွေရာသီကျောင်းပိတ်ရက်ရှည်ကာလကနေ ဧပြီလ သင်္ကြန်ကာလအထိ အပန်းဖြေကာလဖြစ်တဲ့အတွက် ဒေသခံ တပိုင်တနိုင် လုပ်ငန်းရှင်တွေကတော့ ဧည့်သည်မျှော်နေကြပါတယ်။
“ဒီမှာက တည်းခိုခန်းတွေရော ကျွန်မတို့လို ချက်/ပို့ တွေရောရှိတာမို့ တည်းဖို့၊ နေဖို့၊ စားဖို့ စိတ်မပူပဲ ရောက်အောင်သာလာခဲ့ပါလို့ပဲ မှာချင်ပါတယ်”လို့ ငွေဆောင်ကမ်းခြေမှာ ပင်လယ်စာတွေကို အိမ်ချက်/ပို့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံတဦးက ဆိုပါတယ်။