မြွေကိုက်ခံရမှုကြောင့် အိန္ဒိယမှာ နှစ်စဉ် လူပေါင်း သောင်းနဲ့ချီ သေဆုံးနေရ

 


လက်ရှိမှာ အိန္ဒိယက ထုတ်လုပ်တဲ့ ဖြေဆေးတွေဟာ “Big Four” လို့ ခေါ်တဲ့ မြွေလေးမျိုးအတွက်ပဲ အလုပ်လုပ်တာဖြစ်ပြီးတခြားအဆိပ်ရှိမြွေ မျိုးစိတ်အများကြီးအတွက် သီးသန့်ဖြေဆေးတွေ မရှိသေးပါဘူး။

၂၊ ဖေဖော်ဝါရီ။

အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံရမှုကြောင့် နှစ်စဉ် လူသောင်းနဲ့ချီ သေဆုံးနေရတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရရဲ့အချက်အလက်တွေအရ နှစ်စဉ် လူပေါင်း ၅၀,၀၀၀ ခန့် သေဆုံးနေရပြီး ဒါဟာ တကမ္ဘာလုံးက မြွေကိုက်သေဆုံးမှု စုစုပေါင်းရဲ့ထက်ဝက်နီးပါး ရှိနေတာပါ။

၂၀၂၀ ပြည့်နှစ်က လေ့လာမှုတခုမှာဆိုရင် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယမှာ မြွေကိုက်သေဆုံးသူ ၁.၂ သန်းအထိ ရှိနိုင်တယ်လို့တောင် ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြွေကိုက်မှု တိုက်ဖျက်ရေး အထူးလုပ်ငန်းအဖွဲ့ Global Snakebite Taskforce (GST) ရဲ့ အစီရင်ခံစာအသစ်အရအိန္ဒိယက ကျန်းမာရေးဝန်ထမ်း ၉၉ ရာခိုင်နှုန်းဟာ မြွေဆိပ်ဖြေဆေး ထိုးပေးတဲ့နေရာမှာ အခြေခံအဆောက်အအုံ ညံ့ဖျင်းတာ၊ဆေးဝါးရရှိမှု ခက်ခဲတာနဲ့ လေ့ကျင့်မှု အားနည်းတာတွေကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ကုသမှုနောက်ကျတာကြောင့် လူနာတွေမှာ ခြေလက်ဖြတ်တောက်ရတာနဲ့ တသက်လုံး လှုပ်ရှားသွားလာရ ခက်ခဲတာမျိုးတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြွေကိုက်ခံရတာကို အရေးတကြီး အာရုံစိုက်ရမယ့် လျစ်လျူရှုခံ အပူပိုင်းဒေသရောဂါအဖြစ် သတ်မှတ်ထားပေမဲ့ အိန္ဒိယမှာတော့ ဒါကို ဆင်းရဲသားတွေရဲ့ ပြဿနာလို့ပဲ မြင်ကြတာကြောင့် လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ GST အဖွဲ့ဝင် အိန္ဒိယနိုင်ငံအလယ်ပိုင်း ချဟာတစ်ဂါပြည်နယ်က ဒေါက်တာ ယိုဂတ်ရှ် ဂျိန်းကထောက်ပြထားပါတယ်။

အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ ဆေးရုံရောက်ဖို့ နောက်ကျတာတွေက အဓိကပြဿနာဖြစ်နေပါတယ်။ ဒါ့အပြင် ကျေးလက်လူထုဟာ နတ်ဆရာတွေနဲ့ ရိုးရာကုထုံးတွေကိုပဲ အားကိုးနေကြပြီး အခြေအနေ ဆိုးလာမှဆေးရုံသွားကြတာကလည်း အသက်အန္တရာယ် ပိုရှိစေပါတယ်။

အိန္ဒိယအစိုးရဟာ ၂၀၃၀ ပြည့်နှစ်မှာ မြွေကိုက်သေဆုံးမှုကို ထက်ဝက်လျှော့ချဖို့ အမျိုးသားအဆင့် စီမံချက် (NAPSE) ကို ၂၀၂၄ခုနှစ်မှာ စတင်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ အိန္ဒိယက ထုတ်လုပ်တဲ့ ဖြေဆေးတွေဟာ “Big Four” လို့ ခေါ်တဲ့ မြွေလေးမျိုးအတွက်ပဲ အလုပ်လုပ်တာဖြစ်ပြီးတခြားအဆိပ်ရှိမြွေ မျိုးစိတ်အများကြီးအတွက် သီးသန့်ဖြေဆေးတွေ မရှိသေးပါဘူး။

လူနဲ့ မြွေ ပဋိပက္ခ လျှော့ချရေးအတွက် လုပ်ဆောင်နေတဲ့ The Liana Trust ရဲ့ တွဲဖက်တည်ထောင်သူ ဂယ်ရီ မာတင်က ဖြေဆေးအသစ်တွေ ထုတ်နိုင်ဖို့ ကြိုးစားနေပေမဲ့ လုပ်ငန်းစဉ်က နှေးကွေးနေတယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ အစိုးရတွေအနေနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူထုအတွက် ဒီထက်ကောင်းတဲ့ ကျန်းမာရေးစနစ်ကို ဖော်ဆောင်ပေးဖို့နဲ့ နိုင်ငံရေးအရ လုပ်ဆောင်ချင်စိတ်ရှိဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

Ref – BBC