
ဖိလစ်ပိုင်ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ အသံထွက်လာဖို့ လိုအပ်နေတဲ့ တခြားအုပ်စုတွေကိုပါ ထပ်မံဆွဲခေါ်ပြီးဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ လာဇာရိုက ဆိုပါတယ်။
၂၃၊ ဇန်နဝါရီ။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ မျှော်လင့်နေသလို တခြားအုပ်စုတွေနဲ့လည်း ပိုမိုထိတွေ့ဆက်ဆံသွားဖို့ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။
စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲရလဒ်တွေအပေါ်မှာတော့ အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပေမဲ့ အဆိုပါ မဲပေးပွဲကို အသိအမှတ်ပြု ထောက်ခံထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ တတိယအပိုင်း မဲပေးတာ မစတင်ခင် အဆင့်သုံးဆင့်နဲ့ ကျင်းပနေတဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ ပထမနှစ်ဆင့် ရလဒ်တွေအရတော့ အမတ်နေရာအများစုကို စစ်တပ်နဲ့ မဟာမိတ်ပြုထားတဲ့ ပါတီက အနိုင်ရရှိထားတာကို တွေ့ရပါတယ်။
မဲပေးသူအရေအတွက် နည်းပါးပေမဲ့ မြန်မာစစ်တပ်ကတော့ ဒီရွေးကောက်ပွဲဟာ ပြည်သူ့အောင်ပွဲ ဖြစ်တယ်လို့ တင်စားခေါ်ဝေါ်နေပြီး နိုင်ငံရေးတည်ငြိမ်မှုကို ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
“ကျွန်မ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြု ထောက်ခံနေတာ မဟုတ်ပါဘူး” လို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မာရီယာ သရီဆာ လာဇာရိုက ပြောပါတယ်။
“ဖိလစ်ပိုင်နိုင်ငံအနေနဲ့ရော၊ အာဆီယံအနေနဲ့ပါ ဒီရွေးကောက်ပွဲကို ထောက်ခံထားတာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရှေ့မှောက်မှာဖြစ်ပေါ်လာမယ့် အခြေအနေအရပ်ရပ်အပေါ်မှာတော့ စောင့်ကြည့်လေ့လာသွားမှာပါ” လို့ သူက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ပေါ်ပေါက်လာတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ရာကနေ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေကာ နိုင်ငံတဝန်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဝေဖန်သူတွေနဲ့ အနောက်နိုင်ငံအစိုးရတချို့ကတော့ အဆိုပါ ရွေးကောက်ပွဲဟာ စစ်တပ်က အရပ်သားအသွင်ခံ အုပ်ချုပ်မှုကိုသက်ဆိုးရှည်စေဖို့ လုပ်ဆောင်တဲ့ တဖက်သက် ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ ပြောဆိုနေကြသလို အာဆီယံဘက်ကလည်းရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ လေ့လာသူတွေ စေလွှတ်ခဲ့ခြင်း မရှိပါဘူး။
လာဇာရိုက ဖိလစ်ပိုင်နိုင်ငံ တာဂေတေးမြို့မှာ အခုသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေးသက်ဆိုင်သူများတွေ့ဆုံပွဲမှာ ပဋိပက္ခတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးဟာ လာဇာရိုရဲ့ အခုလအတွင်း မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်အတွင်းမှာ သူဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး နွေးထွေး အပြုသဘောဆောင်တဲ့ အမြင်ချင်းဖလှယ်မှုတွေလုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရဘက်က ဖော်ပြခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်းမှာ အသံထွက်လာဖို့ လိုအပ်နေတဲ့ တခြားအုပ်စုတွေကိုပါ ထပ်မံဆွဲခေါ်ပြီးဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ လာဇာရိုက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရသလို လူပေါင်း ၃.၆ သန်းဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Ref – Reuters