
“စားတဲ့သူတွေကတော့ အဆိပ်ထုတ်ပြီးမှ စားကြတာ။ သေချာထုတ်ရတယ်၊ မထုတ်တတ်ရင် သည်းခြေမစင်ရင် သေတတ်တယ်။ အခုဖြစ်တာကလည်း သေချာမထုတ်လိုက်လို့ ဖြစ်တာထင်တယ်။ သေချာမတတ်ရင် မစားတာ ကောင်းတယ်”
၂၂၊ ဇန်ဝါရီ။
ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေမှာ ဒေသခံသားဖနှစ်ဦးဟာ ငါးရှာထွက်ပြီး ရလာတဲ့ ငါးပူတင်း တွေကို ချက်စားရာကနေ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဟုတ်ပါတယ်၊ သားဖနှစ်ယောက်ပါ သေသွားတာ။ သူတို့က ခရီးသွားတွေ မဟုတ်ဘူး။ ရွာသားတွေ၊ ပုံမှန်လည်း သူတို့က ရှာစားနေကျပါ။ အခုကျတော့ ဘယ်လိုအခန့်မသင့်ဖြစ်သွားလဲမသိဘူး။ ပုံမှန်တော့ စားနေကျဒေသခံ တွေ ပါပဲ” လို့ ငွေဆောင်ကမ်းခြေမှာ နေထိုင်သူတဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းမှာ ပင်လယ်ပြင်မှ ရှာပြီးရလာတဲ့ ငါးပူတင်းတွေအပါအဝင် အခြားငါးတွေကို ချက်စားကြပြီးနောက် သေဆုံးခဲ့ရတာပြီး သားဖြစ်သူဟာ ဆယ်ကျော်သက်အရွယ်၊ ဖခင်ကတော့ အသက်ငါး ဆယ်ကျော်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။
“သားဖနှစ်ယောက်က ထမင်းအရင်စားကြတာပြောတယ်။ ကျန်တဲ့မိသားစုတွေလည်း ရှိတယ် သူတို့မှာ”လို့ အ ထက်ပါဒေသခံက ပြောပါတယ်။
ပင်လယ်ကမ်းခြေမှာနေထိုင်သူတွေဟာ ငါးပူတင်းတွေကို စားလေ့ရှိကြပြီး အဆိပ်ရှိတဲ့နေရာတွေကို စနစ်တကျ ဖယ်ထုတ်ပြီးမှ ချက်စားကြတယ်လို့ ဆိုကြပါတယ်။
“စားတဲ့သူတွေကတော့ အဆိပ်ထုတ်ပြီးမှ စားကြတာ။ သေချာထုတ်ရတယ်၊ မထုတ်တတ်ရင် သည်းခြေမစင်ရင် သေတတ်တယ်။ အခုဖြစ်တာကလည်း သေချာမထုတ်လိုက်လို့ဖြစ်တာထင်တယ်။ သေချာမတတ်ရင် မစားတာ ကောင်းတယ်” လို့ ရခိုင် ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ မှာနေထိုင်တဲ့ သက်ကြီး ပိုင်းအမျိုးသမီးတဦးက ပြောပါတယ်။
ငါးပူတင်းစားမိလို့ အသက်သေဆုံးရတဲ့ အဓိကအကြောင်းရင်းဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပါဝင်တဲ့ တက်ထရိုဒို တောက်ဆင် (Tetrodotoxin – TTX) လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့အဆိပ်ကြောင့်ဖြစ်ပြီး အဲဒီအဆိပ်တွေဟာ ငါးပူတင်းရဲ့ အသည်း၊ မမျိုးဥအိမ်၊ အူလမ်းကြောင်းနဲ့ အရေခွံတို့မှာ စုနေတတ်ကာ ငါးကို စနစ်တကျ မနွှင်တတ်၊မကိုင်တတ်ပဲ ချက်ပြုတ်စားမိခဲ့ရင် ဘေးဥပဒ်ဖြစ်စေတယ်လို့ သိရပါတယ်။
ငါးပူတင်းအဆိပ်ဟာ အာရုံကြောစနစ်ကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်ပြီး ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံ ကြောတွေကို ပိတ်ဆို့လိုက်တာကြောင့် တစ်ကိုယ်လုံး လေဖြတ်သလို ဖြစ်သွားတာ၊ အသက်ရှူဖို့ ကူညီပေးတဲ့ ကြွက်သားတွေ အလုပ်မလုပ်တော့တာ စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။