ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဆိုတာ ဘာလဲ၊ ဘယ်သူတွေ ပါဝင်လာကြပြီလဲ

လက်ရှိမှာ အစ္စရေး၊ ယူအေအီးနဲ့ ဂျော်ဒန် အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံလောက်က ပါဝင်ဖို့ ကနဦး သဘောတူထားပြီး ဆော်ဒီအာရေဗျ ၊ တူရကီနဲ့ အီဂျစ်အပါအဝင် ခုနစ်နိုင်ငံကျော်ကတော့ ဘုတ်အဖွဲ့မှာ ပါဝင်ဖို့  သဘောတူကြောင်း ပူးတွဲထုတ်ပြန်ချက်တစောင် ကြေညာထားပါတယ်။

၂၂၊ ဇန်နဝါရီ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းဖို့  ရည်ရွယ်တဲ့ သူ့ရဲ့  ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ (Board of Peace) အစီအစဉ်မှာ ပါဝင်ဖို့ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။

ထရမ့်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်တွေ စတင်ကြေညာတဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တည်ထောင်ဖို့ အဆိုပြုခဲ့တာပါ။

ဖွဲ့စည်းပုံအရ သမ္မတထရမ့်ဟာ တသက်တာဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို ခန့်အပ်တာ၊ ထုတ်ပယ်တာနဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်တဲ့အထိ ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာကို လက်ဝယ်ထားရှိမှာ ဖြစ်ပါတယ်။

ရန်ပုံငွေ ရှာဖွေရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေဆီက တနိုင်ငံကို ဒေါ်လာ တဘီလီယံစီ အမြဲတမ်းအဖွဲ့ဝင်ကြေးအဖြစ် ကောက်ခံဖို့စီစဉ်ထားပြီး ငွေတွေကို ဘုတ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုက်ရိုက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အစ္စရေး၊ ယူအေအီးနဲ့ ဂျော်ဒန် အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံလောက်က ပါဝင်ဖို့ ကနဦး သဘောတူထားပြီး ဆော်ဒီအာရေဗျ ၊ တူရကီနဲ့ အီဂျစ်အပါအဝင် ခုနစ်နိုင်ငံကျော်ကတော့ ဘုတ်အဖွဲ့မှာ ပါဝင်ဖို့  သဘောတူကြောင်း ပူးတွဲထုတ်ပြန်ချက်တစောင် ကြေညာထားပါတယ်။

ရုရှားနဲ့ တရုတ်တို့ကတော့ ဒီဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ကျော်လွန်သွားမှာကို စိုးရိမ်နေကြပါတယ်။

ပြင်သစ်နဲ့ နော်ဝေတို့လို မဟာမိတ်တွေကတော့ ထရမ့်ရဲ့ ဒီလို တကိုယ်တော်ဆန်တဲ့ အာဏာကျင့်သုံးမှုကို သဘောမကျတာကြောင့်ပါဝင်ဖို့ ငြင်းဆန်နေကြပြီး ထရမ့်ကလည်း မပါဝင်တဲ့နိုင်ငံတွေကို သွင်းကုန်ခွန်တွေနဲ့ ပြန်လည်ဖိအားပေးနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဆိုပါ ဘုတ်အဖွဲ့ကို ဂါဇာအရေးကိုသာ အဓိက လုပ်ဆောင်ဖို့နဲ့ ၂၀၂၇ အထိ သက်တမ်းခွင့်ပြုထားပေမယ့် ထရမ့်ကတော့ ဒါကိုကုလသမဂ္ဂထက် ပိုမိုမြန်ဆန်ထိရောက်တဲ့ ကမ္ဘာ့အဆင့်မြင့် ငြိမ်းချမ်းရေးအဖွဲ့ကြီးအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

Ref – Reuters