ရွေးကောက်ပွဲ အပိုင်းနှစ်အတွက် ‌ကျေးရွာတချို့မှာ အသုံးစရိတ် ကောက်ခံမှုတွေရှိခဲ့

“ရွေးကောက်ပွဲစရိတ်ဆိုပြီး ကောက်တာ။ ဒီက တချို့ရွာတွေမှာ ကောက်တယ်။ ရွာတိုင်းတော့ မကောက်ဘူး။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကောက်သွားတာ။ အုပ်ချုပ်ရေး မှူးကပဲ ကောက်တာ။ စာရွက်စာတမ်းခ၊၊ သယ်ယူခတွေအတွက်လို့တော့ ပြော တာပဲ။ အုပ်ချုပ်ရေးမှူးတွေ ဝေ စားကြဖို့ပဲဖြစ်မယ်။ ရွာသားတွေက မပေးချင်ကြဘူး။ မဲလည်း မပေးချင်ဘဲ ပေးရသေးတယ်၊ ရွေးကောက်ပွဲစရိတ်လည်း ပေးရသေးတယ် ”

၁၆၊ ဇန်နဝါရီလ။

‌စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း(၂) မှာပါဝင်ခဲ့တဲ့ သာပေါင်းမြို့နယ်နဲ့ ကျိုတ်လတ်မြို့နယ်ထဲမှာ ရွေးကောက်ပွဲ အသုံးစရိတ်အတွက်လို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က တအိမ်ထောင်ကို ငွေကျပ် ၅၀၀၀ စီကောက်ခံခဲ့ကြပါတယ်။

“ အိမ်ထိလာကောက်တော့ မပေးမကောင်း ပေးမကောင်းတွေ ဖြစ်ကုန်တာပေါ့။ ငါးထောင်အနည်းဆုံး ထည့်ပါလို့ပြောတယ်။ ရွေးကော်က မပေးဘူးလားလို့မေးတော့ ပေးတာတွေက မလောက်လို့တဲ့။ ရွေးကောက်ပွဲနေ့ကျတော့လည်း မဲလာထည့်ဦးနော့လို့ လာပြောတော့ စိုးရိမ်စိတ်ကလည်းရှိတော့ သွားထည့်ရတယ် ” လို့ ကျိုတ်လတ်က ရွေးကောက်ပွဲ အသုံးစရိတ်အတွက် ငွေကြေးထည့်ဝင်ခဲ့ရသူ တဦးက ရှင်းပြပါတယ်။

ကျိုတ်လတ်မြို့နယ်၊ ဖိုးစံကျေးရွာအုပ်စုနဲ့ သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု တွေမှာ ငွေကြေးကောက်ခံမှုတွေရှိခဲ့ပြီး စုစုပေါင်း ကျေးရွာ ၁၀ ရွာဝန်းကျင်မှာ ရွေးကောက်ပွဲ အသုံးစရိတ်ကောက်ခံမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမြို့နယ်တွေမှာရှိနေတဲ့ ကျေးရွာတိုင်းမှာ ကောက်ခံတာမျိုးတော့ မဟုတ်ပေမယ့် ဇန်နဝါရီ ၈ ရက်နေ့ကစလို့ တချို့သော ကျေးရွာတွေမှာ ကောက်ခံခဲ့ကြတာဖြစ်ပြီး အိမ်တိုင်းကို ဖိအားပေးကောက်ခံတာမျိုး မလုပ်တာကလွဲရင် အိမ်တိုင်ယာရောက် လာရောက်ကောက်ခံကြတာ ဖြစ်တယ်လို့ ဒေသခံတွေက DNA ကိုဖြေကြားကြပါတယ်။

ကျိုတ်လတ်မြို့နယ်ဟာ ရွေးကောက်ပွဲနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာလည်း မဲလာပေးဖို့ ဖိအားပေးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့  ဒေသဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို သာပေါင်းမြို့နယ်မှာလည်း ကြုံတွေ့ခဲ့ရတယ်လို့ သာပေါင်းမြို့နယ်က ဒေသခံတဦးကလည်း ပြောပါတယ်။

“ရွေးကောက်ပွဲစရိတ်ဆိုပြီး ကောက်တာ။ ဒီက တချို့ရွာတွေမှာ ကောက်တယ်။ ရွာတိုင်းတော့ မကောက်ဘူး။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကောက်သွားတာ။ အုပ်ချုပ်ရေး မှူးကပဲ ကောက်တာ။ စာရွက်စာတမ်းခ၊၊ သယ်ယူခတွေအတွက်လို့တော့ ပြော တာပဲ။ အုပ်ချုပ်ရေးမှူးတွေ ဝေ စားကြဖို့ပဲဖြစ်မယ်။ ရွာသားတွေက မပေးချင်ကြဘူး။ မဲလည်း မပေးချင်ဘဲ ပေးရသေးတယ်၊ ရွေးကောက်ပွဲစရိတ်လည်း ပေးရသေးတယ် ” လို့ဆိုပါတယ်။

ဟင်္သာတမြို့နယ်မှာနေထိုင်တဲ့ ကျားဖြူပါတီထောက်ခံသူ တဦးကတော့ ဒီရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ချထားပေးတဲ့ ငွေကြေးတွေဟာ နည်းပါးတယ်ဆိုပေမယ့် ပြည်သူတွေဆီက ငွေကြေးကောက်ခံဖို့ကိုတော့ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

“ရွေးကော်က ကျေးရွာတွေကိုချပေးထားတဲ့ ငွေက နည်းတယ်။ အဓိက လမ်းစရိတ်လိုမျိုးတွေမှာ ကိုယ့်အိတ် ကိုယ်စိုက်လုပ်ရတယ်။ ဒါဆိုရင် ရွေး/ကော်ကိုပဲ ပြန်ပြောရမယ် ပြည်သူဆီက ငွေကောက်စရာမလိုဘူး။ မပြောချင် ကိုယ့်အိတ်စိုက်လိုက်လို့လည်း များတဲ့အမောင့်မဟုတ်ပါဘူး အလွန်ဆုံး ၁ သိန်းပေါ့ ” လို့ ကျားဖြူပါတီ ထောက်ခံသူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျိုတ်မြိုနယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမျိုးဝင်း၊ အတွင်းရေးမှူး ဦးသိန်းမော်၊ သာပေါင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးမြင့်၊ အတွင်းရေးမှူး ဦးဇင်မင်းအောင် တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေအတိုင်း ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဝင်ပြီး ဖုန်းကိုင်တာ ၊ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။