
“အခုက ပဲဈေးတက်တယ်ဆိုတာက တကယ်ဈေးတက်တာလား ငွေဈေးကျလို့ ငွေအမောင့် တက်လာတာလားပေါ့နော်။ ကျွန်တော်တို့က ကုန်သည်တွေမို့ ဒါတွေကို အမြဲလေ့လာနေတော့ သိပေမယ့် တောင်သူလယ်သမား အများစုက သိပ်သိကြမှာ မဟုတ်ဘူး။ အခုငွေဈေးနဲ့ဆိုရင် သူတို့အတွက်က မတ်ပဲဆို ၁ သိန်းကျော်လောက်ထိ တက်လာမှ ပဲတီစိမ်းဆိုလည်း ခုပေါက်ဈေးထက် ၂ သောင်းဝန်းကျင်လောက် ထပ်တက်မှ အဆင်ပြေနိုင်မှာ။ ဒါတောင် ငွေဈေးတွေ ထပ်မကျဖို့လိုသေးတယ် ”
၁၅၊ ဇန်နဝါရီလ။
မတ်ပဲနဲ့ ပဲတီစိမ်းဈေးတွေ အနည်းငယ် တက်ရိပ်ပြလာပေမယ့် ၊ မြန်မာငွေဈေး ကျဆင်းနေတာကြောင့် ဈေးကွက်အလားအလာအရ စိုးရိမ်စရာ အခြေအနေတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ မတ်ပဲဈေးဟာ နယ်ဈေးကွက် ငွေကျပ် ၈၉၀၀၀ ကျော်ဝန်းကျင်နဲ့ ပဲတီစိမ်းဈေးဟာ ငွေကျပ် ၁၁၀၀၀၀ ဝန်းကျင်ရှိနေပါတယ်။ ဒီဈေးနူန်းတွေဟာ ၂၀၂၅ နှစ်မကုန်ခင်က ပေါက်ဈေးတွေထက်စာရင် တက်လာတဲ့ အနေအထားဖြစ်ပါတယ်။
ဒါပေမယ့် တဖက်မှာလည်း မြန်မာကျပ်ငွေရဲ့ တန်ဖိုးဟား ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက် အကျဘက်ကို ဦးတည်နေပါတယ်။ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်တွေက ဘယ်လိုပင် သတ်မှတ်ထားပါစေ မြေပြင်မှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ကျပ်ပေါက်ဈေးဟာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၄၂၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။
“အခုက ပဲဈေးတက်တယ်ဆိုတာက တကယ်ဈေးတက်တာလား ငွေဈေးကျလို့ ငွေအမောင့် တက်လာတာလားပေါ့နော်။ ကျွန်တော်တို့က ကုန်သည်တွေမို့ ဒါတွေကို အမြဲလေ့လာနေတော့ သိပေမယ့် တောင်သူလယ်သမား အများစုက သိပ်သိကြမှာ မဟုတ်ဘူး။ အခုငွေဈေးနဲ့ဆိုရင် သူတို့အတွက်က မတ်ပဲဆို ၁ သိန်းကျော်လောက်ထိ တက်လာမှ ပဲတီစိမ်းဆိုလည်း ခုပေါက်ဈေးထက် ၂ သောင်းဝန်းကျင်လောက် ထပ်တက်မှ အဆင်ပြေနိုင်မှာ။ ဒါတောင် ငွေဈေးတွေ ထပ်မကျဖို့လိုသေးတယ် ” လို့ ဟင်္သာတမြို့နယ်က စပါး၊ ပဲ ကုန်သည် တဦးက ရှင်းပြပါတယ်။
လက်ရှိသွင်းအားစု ပေါက်ဈေးတွေအရ ပဲစိုက်တောင်သူ လယ်သမားတွေဟာ စိုက်ကွက် ၁ ဧကအတွက် ကုန်ကျစရိတ်ဟာ အနည်းဆုံး ၈ သိန်းဝန်းကျင်မှာရှိနေတယ်လို့ ဇလွန်မြို့နယ်ထဲက လယ်သမားတဦးက ဆိုပါတယ်။
“ မျိုးစေ့ကနေ စကုန်တယ် နောက်ဆုံး ခြွေလှေ့အထိ တောက်လျှောက်ကုန်ကျစရိတ်ဟာ ၁ ဧက ၈ သိန်းဆိုတာ အနိမ့်ဆုံးပဲ။ ဒါလုပ်အားခ လုံးဝမပါသေးဘူးနော်။ အလုံးအရင်းလိုက်ဝယ်ရတဲ့ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အသီးအပွင့် အားဆေးဖိုးတွေတင် ၁ ဧက ကို ပျမ်းမျှ ၃ သိန်းလောက်အောက်ထစ်ပဲ ” လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စိုက်ပျိုးနေတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းမျိုးတွေဟာ ပုံမှန်အားဖြင့် ၁ ဧက ကို ၁၀ တင်းနဲ့ တင်း ၂၀ ကြားမှာ ထွက်လေ့ရှိပြီး အမျိုးအစားကောင်းတဲ့ မျိုးစေ့နဲ့ ဆေးဝါးတွေကို သုံးစွဲကာ စနစ်တကျ စိုက်ပျိုးနိုင်ရင် တင်း ၃၀ ကျော်ထိထွက်လေ့ရှိကြပါတယ်။
ဒါပေမယ့် ဧရာဝတီတိုင်းထဲက စပါးနဲ့ပဲကို အဓိကထားစိုက်ပျိုးကြတဲ့ တောင်သူလယ်သမားအများစုဟာ ရာသီဥတုနဲ့ ပိုးမွှားဒဏ်တွေကြောင့် အထွက်နူန်းလျော့တာ၊ ဈေးကွက်မတည်ငြိမ်တာ၊ ဈေးကျတာစတာတွေကြောင့် ၂၀၂၃ ခုနှစ် မိုးရာသီကစလို့ အရှုံးပေါ်တဲ့ ဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်ထဲမှာ ဓာတုအကြွင်းအကျန်တွေ တွေ့ရှိတယ်ဆိုတဲ့ ပြဿနာကြောင့် ထိရောက်တဲ့ ပိုးသတ်ဆေးတေ အသုံးပြုနိုင်ဖို့ ကန့်သတ်လိုက်ပြီးနောက်မှာ ပိုးကျမှုအတွက် ပိုးသတ်ဆေးတွေ ပြောင်းလဲသုံးစွဲရတာတွေလည်းရှိလာပါတယ်။