အိမ်ဖြူတော်မှာ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနဲ့ ထရမ့် တွေ့ဆုံမယ်

၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ သူတို့ပဲနိုင်တယ်လို့ဆိုတဲ့မာချာဒိုရဲ့ကြေညာချက်ကိုတော့ ထရမ့်က ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုထားပါတယ်။

၁၃၊ ဇန်နဝါရီ။ 

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ မာရီယာ ကိုရီနာ မာချာဒိုဟာ လာမယ့်ကြာသပတေးနေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မြို့မှာ ဖမ်းဆီးလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ပေါ်ပေါက်လာတာပါ။ 

ဒါပေမဲ့ ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ သူတို့ပဲနိုင်တယ်လို့ဆိုတဲ့မာချာဒိုရဲ့ကြေညာချက်ကိုတော့ ထရမ့်က ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုထားပါတယ်။

လက်ရှိမှာအမေရိကန်ဟာ မာချာဒိုကို ထောက်ခံမယ့်အစား မာဒူရိုရဲ့ ဒုသမ္မတဟောင်း ဒဲလ်ဆီ ရိုဒရီဂွက်ဇ်ကိုပဲ ကျောထောက်နောက်ခံ ပေးထားပါတယ်။

မာဒူရိုကို အရေးယူပေးခဲ့တဲ့အတွက် ထရမ့်ကို လူကိုယ်တိုင် ကျေးဇူးတင်ချင်တယ်လို့ မာချာဒိုက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။

 ဒါ့အပြင် သူရရှိထားတဲ့ နိုဘယ်လ်ဆုကိုပါ ထရမ့်ကို ပေးချင်တယ်လို့ ဆိုပါတယ်။ 

ထရမ့်ကတော့ ဒါဟာ ကြီးကျယ်တဲ့ ဂုဏ်ယူမှုတခုပဲလို့ တုံ့ပြန်ခဲ့ပေမဲ့ နိုဘယ်ကော်မတီကတော့ ဒီဆုကို တခြားသူဆီ လွှဲပြောင်းပေးလို့မရဘူးလို့ နောက်ပိုင်းမှာ ရှင်းလင်းချက် ထုတ်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ သမ္မတထရမ့်ဟာ သူကိုယ်တိုင်လည်း အလိုရှိနေတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို မာချာဒိုက လက်ခံလိုက်တဲ့အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

အခုလအစောပိုင်းမှာ မာဒူရို ရာထူးကပြုတ်သွားပြီးနောက်မှာတော့ မာချာဒိုဟာ “နိုင်ငံထဲမှာ ထောက်ခံမှုလည်း မရှိသလို အလေးအမြတ်ထားခြင်းလည်း မခံရဘူး” လို့ ထရမ့်က ပြောခဲ့ပါသေးတယ်။ 

“သူဟာ အရမ်းတော်တဲ့ အမျိုးသမီးတယောက်ပါ၊ ဒါပေမဲ့ လေးစားမှုတော့ မရထားဘူး”လို့ သူက ဆိုပါတယ်။

အမေရိကန်ဟာ လက်ရှိအချိန်အထိတော့ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်ကိုပဲ ဗင်နီဇွဲလားရဲ့ ယာယီသမ္မတအဖြစ် ထောက်ခံထားပါတယ်။ 

ထရမ့်က ရိုဒရီဂွက်ဇ်ကို မဟာမိတ်တဦးအဖြစ် တင်စားသလို အမေရိကန်အရာရှိတွေကလည်း သူ့အပေါ် ဘာရာဇဝတ်မှုနဲ့မှ စွဲချက်တင်ထားတာ မရှိပါဘူး။ 

“ဒဲလ်ဆီ ရိုဒရီဂွက်ဇ်နဲ့ သူရဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အတော်လေး ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီဗစ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မာချာဒိုကတော့ သူရဲ့ မဟာမိတ်အဖွဲ့ကသာ နိုင်ငံကို မဖြစ်မနေ ဦးဆောင်ရမယ်လို့ ဆုပ်ကိုင်ထားပြီး ရိုဒရီဂွက်ဇ်ကို ဘယ်သူမှ မယုံကြဘူးလို့ မာချာဒိုက ပြောပါတယ်။ 

ကြားဖြတ်ခေါင်းဆောင်ဟာ တောင်အမေရိကနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားက အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ်ရာမှာ အဓိက လက်သည်တယောက်ဖြစ်တယ်လို့ သူက CBS သတင်းဌာနကို ပြောခဲ့ပါတယ်။

“သူက ဘယ်လိုလူစားလဲ၊ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့လဲဆိုတာ ဗင်နီဇွဲလားမှာရှိတဲ့သူတွေရော ပြည်ပကလူတွေပါ အကုန်လုံး ကောင်းကောင်းသိကြပါတယ်”လို့ မာချာဒိုက ဆိုပါတယ်။

Ref – BBC