မြန်မာအပေါ် စွပ်စွဲထားတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ICJမှာ ဒီကနေ့ စတင်စစ်ဆေးမယ်

အခုစစ်ဆေးမှုမှာတော့ ကျူးလွန်ခံရတယ်လို့ ဆိုတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကို အပြည်ပြည်ဆိုင်ရာတရားရုံးက ပထမဆုံးအကြိမ် နားထောင်မှာဖြစ်ပါတယ်။ 



၁၂၊ ဇန်နဝါရီ။ 

ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ အမှုကို ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး (ICJ) မှာ ဒီနေ့ တနင်္လာနေ့မှာ စတင်စစ်ဆေးကြားနာတော့မှာ ဖြစ်ပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အနေနဲ့ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုကို အပြည့်အစုံ ကြားနာစစ်ဆေးတာပါ။ ဒီအမှုရဲ့ ရလဒ်ဟာ မြန်မာနိုင်ငံအတွက်တင်မကဘဲ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို တောင်အာဖရိကက စွဲဆိုထားတဲ့ မျိုးတုံးသတ်ဖြတ်မှုအမှုအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ 

မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ “ဒီအမှုဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို ဘယ်လိုသတ်မှတ်မလဲ၊ ဘယ်လိုသက်သေပြမလဲ၊ ပြီးတော့ ချိုးဖောက်မှုတွေကို ဘယ်လိုပြန်ပြီး ကုစားပေးမလဲဆိုတဲ့ အပိုင်းတွေမှာ အလွန်အရေးကြီးတဲ့ စံနမူနာတွေ ဖြစ်လာနိုင်ပါတယ်”လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကွန်ဂျီယန်က ရိုက်တာကို ပြောပါတယ်။ 

မွတ်စလင်ဘာသာဝင် အများစုရှိတဲ့ အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာဟာ ICJ မှာ ၂၀၁၉ ခုနှစ်ကတည်းက ဒီအမှုကို စွဲဆိုခဲ့တာပါ။ 

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၇၃၀,၀၀၀ ကျော်ဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီမှာ သူတို့တွေက သတ်ဖြတ်ခံရတာတွေ၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတာတွေနဲ့ မီးရှို့ဖျက်ဆီးခံရတာတွေကို ထွက်ဆိုခဲ့ကြပါတယ်။ 

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကလည်း ၂၀၁၇ ခုနှစ် စစ်ဆင်ရေးအတွင်းမှာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ” ပါဝင်ခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေကတော့ အဆိုပါ အစီရင်ခံစာကို လက်မခံပါဘူး။ သူတို့ရဲ့ စစ်ဆင်ရေးဟာ မွတ်စလင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို တရားဝင် တုံ့ပြန်တဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 ၂၀၁၉ ခုနှစ် အစောပိုင်း ကြားနာစစ်ဆေးမှုတွေတုန်းကတော့ အဲဒီအချိန်က မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားရုံးကို တက်ရောက်ခဲ့ပြီး ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ “မပြည့်စုံသလို အထင်အမြင်မှားစေတယ်”လို့ ငြင်းဆိုခဲ့ဖူးပါတယ်။

အခုစစ်ဆေးမှုမှာတော့ ကျူးလွန်ခံရတယ်လို့ ဆိုတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးက ပထမဆုံးအကြိမ် နားထောင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေကြောင့် တံခါးပိတ် စစ်ဆေးသွားမှာပါ။ ကြားနာစစ်ဆေးမှုတွေကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ စတင်မှာဖြစ်ပြီး သုံးပတ်ကြာအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ပေါ်ပေါက်လာပြီး အခုထိ မတည်မငြိမ် ဖြစ်နေဆဲပါ။ 

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ အဆင့်လိုက် ရွေးကောက်ပွဲတွေ ကျင်းပနေပေမဲ့ ဒါဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအမှုကို ICJ တရားရုံးမှာ ရင်ဆိုင်ဖို့အတွက် ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ကို ဇန်နဝါရီ ၉ ရက်နေ့ကတည်းက ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးလည်း အတူတူပါဝင်ပြီးတော့ အမှုကို အနီးကပ် လိုက်ပါဆောင်ရွက်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးမှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိတကြိမ်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာတကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ပြန်လည်ချေပ လျှောက်လဲခွင့် ရှိနေပါတယ်။ 

Ref – Reuters