အမေရိကန် သိမ်းဆည်းလိုက်တဲ့ ရုရှားအလံတင်သင်္ဘောဟာ အတုဖြစ်တယ်လို့ ဒုသမ္မတပြော

ဒီသင်္ဘောဟာ ပြီးခဲ့တဲ့လက အစစ်အဆေးခံဖို့ ငြင်းဆန်ခဲ့ပြီး ရုရှားအလံကို ပြောင်းလဲလွှင့်ထူခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၈၊ ဇန်နဝါရီ။

မနေ့က ဖမ်းဆီးလိုက်တဲ့ ရေနံတင်သင်္ဘောနဲ့ ပတ်သတ်ပြီး အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကတော့ Fox News နဲ့ အင်တာဗျူးမှာ “ဒါဟာ ရုရှားရေနံတင်သင်္ဘော အတုပါ၊ သူတို့က ပိတ်ဆို့အရေးယူမှုတွေကနေ လွတ်အောင် ရုရှားသင်္ဘောယောင် ဆောင်ထားကြတာ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ပတ်သတ်နေတဲ့ ရေနံတင်သင်္ဘောနှစ်စင်းကို ဇန်နဝါရီလ ၇ ရက်နေ့က အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဆိုပါသင်္ဘောနှစ်စင်းအနက် တစ်စင်းက ရုရှားအလံလွှင့်ထူထားတဲ့ သင်္ဘောပါ။

ပြီးခဲ့တဲ့ စနေနေ့က ဗင်နီဇွဲလား မြို့တော် ကာရာကပ်စ်ကို အမေရိကန်တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက်မှာ အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံစီးဆင်းမှုကို အပြည့်အဝ ထိန်းချုပ်ဖို့ အတွက် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သင်္ဘောများတွေကို ပင်လယ်ပြင်မှာ ဖမ်းဆီးစစ်ဆေးတာတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။

ဗင်နီဇွဲလားဟာ အင်အားကြီး ရေနံထုတ်လုပ်သူများအသင်း (OPEC) အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ သီတင်းပတ်ချီ စစ်ဆေးပိတ်ဆို့တာတွေ လုပ်ဆောင်ပြီးနောက် ဗုဒ္ဓဟူးနေ့မနက်မှာတော့ အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ အထူးတပ်ဖွဲ့တွေဟာ တရားရုံးက ထုတ်ပေးတဲ့ ဖမ်းဝရမ်းနဲ့ Marinera ဆိုတဲ့ ရေနံစိမ်းတင်သင်္ဘောကို ဖမ်းဆီးလိုက်ပါတယ်။

ဒီသင်္ဘောဟာ ပြီးခဲ့တဲ့လက အစစ်အဆေးခံဖို့ ငြင်းဆန်ခဲ့ပြီး ရုရှားအလံကို ပြောင်းလဲလွှင့်ထူခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအနီးအနားမှာ ရုရှားရေငုပ်သင်္ဘောနဲ့ စစ်သင်္ဘောတွေ ရှိနေတာကြောင့် အခုလို သိမ်းဆည်းမှုဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဖို့ ပိုဖြစ်လာစေပြီး အန္တရာယ်များလာစေပါတယ်။ ရုရှားဟာ ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချနေသလို ယူကရိန်းစစ်ပွဲကြောင့်လည်း အနောက်အုပ်စုနဲ့ အခြေအနေက တင်းမာနေတာပါ။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရုရှားဘက်ကတော့ တစုံတရာ တုံ့ပြန်လာတာ မရှိသေးပါဘူး။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း အမေရိကန် ကမ်းခြေစောင့်တပ်ဟာ တောင်အမေရိက အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းအနားမှာ ပနားမားအလံ လွှင့်ထားတဲ့ M Sophia ဆိုတဲ့ ရေနံတင်သင်္ဘောကို တားဆီးဖမ်းဆီးခဲ့ပါသေးတယ်။

ဒါဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း စတုတ္ထမြောက် ဖမ်းဆီးမှုဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA ရဲ့ မှတ်တမ်းတွေအရ အဆိုပါ သင်္ဘောပေါ်မှာ ရေနံတွေ အပြည့်ပါနေတယ်လို့ သိရပါတယ်။