မာဒူရို အဖမ်းခံရတဲ့ AI ပုံတွေ ဘယ်လို ပျံ့နှံ့လာသလဲ

၆၊ ဇန်နဝါရီ။

အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို လက်ထိပ်ခတ် ဖမ်းခံနေရတဲ့ AI နဲ့ လုပ်ထားတဲ့ ပုံတွေဟာ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ သန်းချီ ရှိနေပါတယ်။ မာဒူရိုကို အမေရိကန်က ဇန်နဝါရီလ ၃ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။

သူ လေယာဉ်ပေါ်ကနေ အစောင့်အရှောက်တွေနဲ့ ဆင်းလာတဲ့ပုံစံမျိုး လုပ်ထားတဲ့ ပထမဆုံး AI ပုံတုဟာ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပုံကို အမေရိကန် အစိုးရဌာနတွေက တရားဝင် ထုတ်ပြန်ခဲ့တာ မဟုတ်ပါဘူး။

AI video art enthusiast လို့ အမည်ပေးထားတဲ့ X အကောင့်တခုကနေ တင်ခဲ့တာ ဖြစ်ပါတယ်။ Google ရဲ့ SynthID လို့ခေါ်တဲ့ AI ရေစာ စစ်ဆေးတဲ့ ကိရိယာနဲ့ စစ်ကြည့်တဲ့အခါ ဒီပုံဟာ Google AI ကို အသုံးပြုပြီး ဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်ထားတာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

အဲဒီနောက်ပိုင်း အချိန်တွေမှာတော့ မာဒူရို အဖမ်းခံထားရတဲ့ပုံစံကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ထားသလိုမျိုး AI နဲ့ လုပ်ထားတဲ့ ပုံတွေ ထပ်ပြီး ပျံ့နှံ့လာပါတယ်။ ဒီပုံတွေပေါ်က ရေစာတွေကို ကြည့်ရသလောက် ultravfx ဆိုတဲ့ Instagram အကောင့်ကနေ လာတာပါ။

အဲဒီ အကောင့်ပိုင်ရှင်ဟာ သူ့ကိုယ်သူ AI နည်းပညာ ကျွမ်းကျင်သူလို့ ဖော်ပြထားပါတယ်။ SynthID စစ်ဆေးချက်အရ နောက်ထပ်ထွက်လာတဲ့ ပုံတွေ အားလုံးဟာလည်း Google AI နဲ့ပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

စနေနေ့ မနက်ပိုင်းမှာပဲ ဒေါ်နယ်ထရမ့်က မာဒူရိုကို USS Iwo Jima သင်္ဘောပေါ်မှာ လက်ထိပ်ခတ်ထားတဲ့ ပထမဆုံး ပုံအစစ်ကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံအစစ် ထွက်လာပြီးတာတောင် AI နဲ့ လုပ်တဲ့ ပုံတုတွေကတော့ ဆက်ပြီး ပျံ့နေတုန်းပါပဲ။

ထူးခြားတာက ပုံတုတွေမှာ မာဒူရို တကယ်ဝတ်ထားတဲ့ မီးခိုးရောင် အားကစားဝတ်စုံနဲ့ တူအောင် ပြန်ပြင်ပြီး တင်နေကြတာပါ။ အဲဒီပုံတွေကို Reverse image search နဲ့ ပြန်ပြီး ခြေရာခံကြည့်တဲ့အခါ ဒီလို ပြန်ပြင်ထားတဲ့ ပုံတုတွေကို ဂရပ်ဖစ်ဒီဇိုင်း အကောင့်တခုကနေ TikTok ပေါ်မှာ အရင်ဆုံး တင်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ပုံတွေကိုလည်း SynthID နဲ့ ထပ်စစ်ကြည့်တဲ့အခါမှာလည်း Google AI ကို သုံးပြီး ဖန်တီးထားတာ ဒါမှမဟုတ် ပြုပြင်ထားတာကို တွေ့ရပါတယ်။

Ref – BBC