
ဂူတာရက်စ်ကတော့ ဗင်နီဇွဲလားက သက်ဆိုင်သူအားလုံး အားလုံးပါဝင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးပွဲတွေလုပ်ဖို့ တိုက်တွန်းထားပြီး “ဗင်နီဇွဲလား ပြည်သူတွေ ငြိမ်းချမ်းတဲ့ လမ်းစရှာနိုင်ဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ကြိုဆိုသလို ကူညီပေးဖို့လည်း အသင့်ရှိနေပါတယ်”လို့ ဆိုပါတယ်။
၆၊ ဇန်နဝါရီ။
အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက်ပိုင်း နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ပိုဆိုးလာမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ တစ်ဘက်မှာလည်း အမေရိကန်က သူတို့အနေနဲ့ လက်တင်အမေရိကနိုင်ငံကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ သူ့ဇနီးကို ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သတ်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီဟာ နယူးယောက်မြို့မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ မာဒူရိုကို မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှု ပူးပေါင်းကြံစည်မှုတွေအပါအဝင် ရာဇဝတ်မှုတွေနဲ့ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ ရုံးထုတ်ဖို့ နာရီပိုင်းအလိုမှာ ဖြစ်ပါတယ်။ မာဒူရိုကတော့ သူဟာ ဘယ်ရာဇဝတ်မှုမှာမှ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။
“ဗင်နီဇွဲလားနိုင်ငံထဲမှာ မတည်ငြိမ်မှုတွေ ပိုပြင်းထန်လာမှာ၊ ဒေသတွင်းကို ရိုက်ခတ်လာမှာရယ်၊ နောက်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ ဒါဟာ စံနမူနာဆိုးတခု ဖြစ်သွားမှာကို အတော်လေး စိုးရိမ်မိပါတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ နိုင်ငံရေးရာအကြီးအကဲ ရို့စ်မေရီ ဒီကာလိုက ကောင်စီကို ဖတ်ကြားပြခဲ့တာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ်ကတော့ အခုလုပ်ရပ်ဟာ “အမေရိကန် တရားစီရင်ရေးက ဝရမ်းထုတ်ထားတဲ့ တရားခံပြေး နှစ်ယောက်ကို အမေရိကန်စစ်တပ်ရဲ့ အကူအညီနဲ့ တိတိကျကျ ဖမ်းဆီးခဲ့တဲ့ ဥပဒေစိုးမိုးရေး စစ်ဆင်ရေးတခုပဲ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ပြောထားသလိုပါပဲ၊ ကျွန်တော်တို့ဟာ ဗင်နီဇွဲလားနိုင်ငံ ဒါမှမဟုတ် သူ့ပြည်သူတွေကို စစ်ကြေညာနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံတခုကို ကျူးကျော်သိမ်းပိုက်နေတာ မဟုတ်ပါဘူး”လို့ ဝေါ့ဇ်က လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။
“အနောက်ကမ္ဘာခြမ်းကို ကျွန်တော်တို့ ရန်သူတွေရဲ့ အခြေစိုက်စခန်းအဖြစ် အသုံးချခံရမှာကို ခွင့်မပြုနိုင်ဘူး။
ကမ္ဘာ့အကြီးဆုံး စွမ်းအင်သယံဇာတတွေကို အမေရိကန်ရဲ့ ရန်သူတွေနဲ့ တရားမဝင်ခေါင်းဆောင်တွေ လက်ထဲမှာ ဆက်ထားလို့ မရပါဘူး။ ဒါဟာ ဗင်နီဇွဲလားပြည်သူတွေအတွက်လည်း ဘာမှ အကျိုးမရှိဘူး”လို့ ဝေါ့ဇ်က ထပ်ပြောပါတယ်။
ဗင်နီဇွဲလား သံအမတ်ကြီး ဆင်မြူယယ် မွန်ကာဒါကတော့ မာဒူရိုကို ဖမ်းဆီးတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ “ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိတဲ့ တရားမဝင် လက်နက်ကိုင်တိုက်ခိုက်မှု” လို့ တုံ့ပြန်ပါတယ်။
ဒါ့အပြင် ဗင်နီဇွဲလားနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရှိနေသလို နိုင်ငံပိုင်နက်တခုလုံးကိုလည်း အစိုးရက ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်တယ်လို့ သူက ကောင်စီကို ပြောပါတယ်။
ဂူတာရက်စ်ကတော့ ဗင်နီဇွဲလားက သက်ဆိုင်သူအားလုံး အားလုံးပါဝင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးပွဲတွေလုပ်ဖို့ တိုက်တွန်းထားပြီး “ဗင်နီဇွဲလား ပြည်သူတွေ ငြိမ်းချမ်းတဲ့ လမ်းစရှာနိုင်ဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ကြိုဆိုသလို ကူညီပေးဖို့လည်း အသင့်ရှိနေပါတယ်”လို့ ဆိုပါတယ်။
ရုရှား၊ တရုတ်နဲ့ ကိုလံဘီယာနိုင်ငံတွေကတော့ အမေရိကန်ရဲ့ စစ်ရေးစစ်ဆင်ရေးဟာ တရားမဝင်ဘူးလို့ ပြစ်တင်ရှုတ်ချပါတယ်။ တခြား ကောင်စီဝင်နိုင်ငံ အများစုကတော့ အမေရိကန်ကို တိုက်ရိုက် ဝေဖန်ခြင်းမပြုဘဲ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာဖို့က အရေးကြီးတယ်လို့သာ မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref – Reuters