အစ္စရေးက အကူအညီပေးရေးအဖွဲ့ လေးဆယ် နီးပါးကို ပိတ်ပင်မယ်

ဇန်နဝါရီလ ၁ ရက်နေ့မှာ လိုင်စင်တွေကို စတင်ပိတ်သိမ်းမှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း သူတို့ရဲ့ လုပ်ငန်းတွေအားလုံးကို အပြီးသတ် ရပ်ဆိုင်းရမှာပါ။

၁၊ ဇန်နဝါရီ။

ဂါဇာနဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသတွေမှာ အလုပ်လုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGO) ၃၇ ဖွဲ့ဟာ မှတ်ပုံတင်စည်းမျဉ်းသစ်တွေကို မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ လိုင်စင်တွေကို အစ္စရေးက ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

လိုင်စင်အပိတ်ခံရမယ့် အဖွဲ့တွေထဲမှာ ActionAid၊ IRC၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) နဲ့ နော်ဝေ ဒုက္ခသည်များကောင်စီ (NRC) တို့လို အဖွဲ့တွေ ပါဝင်နေပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့မှာ လိုင်စင်တွေကို စတင်ပိတ်သိမ်းမှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း သူတို့ရဲ့ လုပ်ငန်းတွေအားလုံးကို အပြီးသတ် ရပ်ဆိုင်းရမှာပါ။

ဒီအဖွဲ့တွေဟာ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို လွှဲမပေးတာကြောင့် အခုလို လုပ်တာလို့ အစ္စရေးဘက်က ပြောပါတယ်။ ဒါပေမဲ့ INGO အဖွဲ့တွေဘက်ကတော့ ဒီလို အချက်အလက်တွေ ပေးလိုက်တာဟာ ဝန်ထမ်းတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေးရဲ့ အဆိုပါ လုပ်ရပ်ကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ကန့်ကွက်လိုက်ကြပြီး ဒီစည်းမျဉ်းတွေကြောင့် အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ပေးနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိလာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စ်လန်၊ ဂျပန်၊ နော်ဝေ၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်စတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာက လူသားချင်းစာနာမှု အကူအညီပေးရေးမှာ INGO တွေဟာ မရှိမဖြစ် အရေးကြီးပြီး သူတို့ရဲ့ လုပ်ငန်းတွေကို တားဆီးဖို့ ကြိုးစားတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဖော်ပြထားပါတယ်။

“ဒီအဖွဲ့တွေသာ မရှိရင် လိုအပ်နေတဲ့ အရေးပေါ်အကူအညီတွေကို လုံလောက်အောင် ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” လို့လည်း သတိပေးလိုက်ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဟာဂျာ လာဘစ်ကလည်း “ဂါဇာက INGO တွေကို အစ္စရေးက ပိတ်ပင်ဖို့ ကြိုးစားတာဟာ အသက်ကယ် အကူအညီတွေကို ပိတ်ပင်လိုက်တာနဲ့ အတူတူပဲ” လို့ ပြောလိုက်ပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအရ “အကူအညီတွေဟာ လိုအပ်နေတဲ့သူတွေဆီကို မဖြစ်မနေ ရောက်ရမယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်ကာတာ့ခ်ကတော့ ဒီလို ပိတ်ပင်တာဟာ ဒေါသထွက်စရာကောင်းပြီး တရားလက်လွတ် လုပ်ရပ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါဟာ အခံရခက်နေပြီးသား ဂါဇာက ပြည်သူတွေရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပြည်တွင်းပြည်ပ NGO ပေါင်း ၂၀၀ ကျော် စုပေါင်းထားတဲ့ အဖွဲ့ကလည်း အစ္စရေးအာဏာပိုင်တွေအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။

ဂါဇာက နယ်လှည့်ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ၊ ယာယီခိုလှုံရာတွေ၊ ရေနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေ၊ ကလေးငယ်တွေအတွက် အာဟာရစင်တာတွေနဲ့ မပေါက်ကွဲသေးတဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းအများစုကို အဆိုပါ INGO တွေကပဲ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

နော်ဝေဒုက္ခသည်များကောင်စီ (NRC) ကတော့ သူတို့ လိုင်စင်အပိတ်ခံရရင် နိုင်ငံခြားသား ဝန်ထမ်းတွေ ဂါဇာထဲဝင်ဖို့ မဖြစ်နိုင်တော့ပေမဲ့ ရှိနေတဲ့ ဒေသခံဝန်ထမ်း ၂၀၀ နဲ့တော့ တတ်နိုင်သလောက် ဆက်ကူညီသွားမယ်လို့ ပြောပါတယ်။

ဂါဇာစစ်ပွဲဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့ အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှုကြောင့် စတင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့သလို ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ သေဆုံးသူပေါင်း ၇၁,၂၆၀ ကျော်ရှိသွားပြီလို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Ref – BBC