လူထုဆန္ဒအမှန်ကို အဖြေပေးခဲ့တဲ့ မြန်မာနိုင်ငံပြင်ပက အတုအယောင်ရွေးကောက်ပွဲ

မြန်မာနိုင်ငံသား ၆ သန်းကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ကြိုတင်မဲပေးသူ ၂၄၉ ဦးသာ ရှိခဲ့ပါတယ်။

ဒီဆောင်းပါးကို HaRDstories နဲ့ Delta News Agency တို့ ပူးပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။

၂၈၊ဒီဇင်ဘာ။

“ မဲမထည့်ရင် ဗီဇာတုံးမထုပေးဘူးဆိုပြီးပြောတယ်။ ကျွန်တော့်စာအုပ်ကလည်း ကုန်တော့မယ်(သက်တမ်း)။ ပုံမှန်က ပွဲစားကို စာအုပ်ပေးလိုက်ရင်ရပြီလေ အခုက ကိုယ်တိုင်သွားရတယ်။ ပွဲစားကလည်း ကြိုပြောတယ် မဲထည့်ရမှာနော်တဲ့။ ထည့်လိုက်မယ်ကွာလို့ပဲ ကျွန်တော် ဆုံးဖြတ်လိုက်တယ် ” လို့ ကိုသောင်း (အမည်လွှဲ)က ဆိုပါတယ်။

အသားဖြူဖြူ၊အရပ်မနိမ့်အမြင့်၊ ကိုယ်လုံးသေးသေးနဲ့ ပါဝါမျက်မှန် ထူထူ တပ်ထားတဲ့ ကိုသောင်းဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပါတယ်။

ယခင်ကတည်းက ထိုင်း – မြန်မာ နယ်စပ်မှာ နေထိုင်သူဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ကိုသောင်းဟာ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်ခွင့်ရရှိဖို့ လိုအပ်တဲ့ အထောက်အထားတွေကို ပြုလုပ်ထားခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သူ့ရဲ့ Passport ဟာ သက်တမ်းကုန်နေပြီဖြစ်တာကြောင့် Work Permit  သက်တမ်းတိုးပြီးချိန်မှာ ဗီဇာထည့်နိုင်ဖို့အတွက် Passport သက်တမ်းတိုးဖို့ လိုအပ်နေသူဖြစ်ပါတယ်။

“စာအုပ်သက်တမ်းတိုးမယ်ဆိုရင် စောင့်ဦး။ အခုသွားရင် မဲထည့်ရမှာနော် ” လို့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထားတွေ ပြုလုပ်ဖို့ အခကြေးငွေ ယူကာ ဝန်ဆောင်မှု ပြုလုပ်ပေးနေတဲ့ မမြမြထွေး (အမည်လွှဲ) ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထားတွေ သက်တမ်းတိုးရင်း CI စာအုပ် သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် သက်တမ်းတိုးရင် ကြုံရမယ့် အခြေအနေတွေကို မမြမြထွေးက အခုလို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မည်သူမည်ဝါဖြစ်‌ကြောင်း သက်သေခံလက်မှတ် (CI) ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် (Passport) စာအုပ်တွေဟာ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာရွေ့ပြောင်းတွေ အတွက်တော့ အရေးကြီးတဲ့ စာရွက်စာတမ်းတခုပဲဖြစ်ပါတယ်။

ဒီစာအုပ်တွေရဲ့ သက်တမ်းဟာ ၅ နှစ်သက်တမ်းဖြစ်ပါတယ်။ နေထိုင်ခွင့်ဗီဇာအတွက် ပန်းရောင်ကဒ် (Pink Card)ရဲ့ ဝါ့ပါမစ် (Work Permit) ကို သက်တမ်းတိုးကြတဲ့သူတချို့ဟာ နေထိုင်ခွင့် သက်တမ်း ၂ နှစ်ရရှိကြပါတယ်။

ဒါကြောင့် အချို့သော စာအုပ်တွေဟာ ဒီဗီဇာ ၂ နှစ်သက်တမ်းကို ထည့်ဖို့ စာအုပ်သက်တမ်း မလုံလောက်တော့တာကြောင့် စာအုပ်တွေကို အသစ်လဲဖို့ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒီလိုမျိုး CI နဲ့ Passport တွေ ပြုလုပ်ဖို့၊ အသစ်လဲဖို့ဆိုတာဟာ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။

“ သွားချင်တယ် မဲလည်းထည့်မယ် ဆိုရင်တော့သွားနော် လုပ်ပေးမယ့်သူနဲ့ ချိတ်ပေးမယ်။ ကျွန်မကတော့ မဲထည့်ရမယ့် အချိန်တွေမှာ သံရုံးဆီမသွားဘူး။ ကျွန်မ လုပ်ပေးနိုင်မှာ မဟုတ်ဘူး ” လို့ မမြမြထွေးက ဆိုပါတယ်။

ဟုတ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးကြဖို့အတွက် ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သံရုံးမှာ ကြိုတင်မဲပေးနိုင်တယ်လို့ ကြေညာခဲ့ပေမယ့် အဲ့ဒီနှစ်ရက်မှာ မဲပေးမယ့်သူတွေ ဆယ် ဂဏာန်းဝန်းကျင်ပဲ ရှိခဲ့ပါတယ်။

ဒါကြောင့် အဲ့ဒီနောက်ပိုင်းနေ့တွေမှာ ကြိုတင်မဲထည့်ဖို့မဟုတ်ပဲ အကြောင်းအရာ အမျိုးမျိုးနဲ့ သံရုံးကို လာရောက်ကြသူတွေကို ကြိုတင်မဲတွေထည့်ခိုင်းခဲ့ကြတာဖြစ်ပါတယ်။

🔹 ပြည်ပရောက် လူထုက ပြောပြနေတဲ့ ရွေးကောက်ပွဲ သရုပ်မှန်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲတွေကို စစ်ကောင်စီခန့် သံရုံးဝန်ထမ်းတွေက ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒီလိုပြန်လည်ပေးအပ်ရာမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေါင်း ၂၄၉ မဲရရှိခဲ့တယ်လို့ သံရုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူတွေက သတင်းစကားဖြန့်ဝေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရွေ့ပြောင်းလာကြတဲ့ မြန်မာနိုင်ငံသားပေါင်း ၆ သန်းဝန်းကျင်ရှိတယ်လို့ ထိုင်းရောက် မြန်မာရွေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားကြသူတွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွေတုန်းက ညအိပ်စောင့်ပြီး ကြိုတင်မဲထည့်ခဲ့ကြတယ်ဆိုတဲ့ အခြေအနေကနေ ခုလိုအခြေအနေ ဖြစ်ရတဲ့အထိ ထိုင်းရောက် မြန်မာရွေ့ပြောင်းတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မယုံကြည်ကြ၊ လက်မခံကြတာပါ။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်နိုင်ခွင့်ဟာ သူတို့မယုံကြည်တဲ့ စစ်ကောင်စီနဲ့ တစိတ်တပိုင်း ဆက်စပ်နေတဲ့အခါ တစုံတခု ညစ်တွန်းတွန်းတာတွေ၊ ဖိအားပေးတာတွေ ရှိလာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေ ရှိနေကြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အပိုင်း (၁) ကို စတင်မယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

“ ရွေးကောက်ပွဲပြီးသွားလို့ စာအုပ်တွေလုပ်တဲ့အခါ၊ သက်တမ်းတွေတိုးတဲ့အခါမှာ မဲမပေးခဲ့လို့မို့ စာအုပ်လုပ်မပေးဘူး၊ သက်တမ်းမတိုးပေးဘူးဆိုတာမျိုးတွေ ရှိလာနိုင်မလားဆိုတာကို စိတ်ပူကြတဲ့သူတွေ ရှိတယ် ” လို့ ဖိနွယ်က ဆိုပါတယ်။

ဒီလိုစိတ်ပူမှုမျိုးဟာ ထိုင်းရောက်မြန်မာရွေ့ပြောင်း အများစုဆီမှာရှိနေတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး(BASC) အဖွဲ့ရဲ့ “ မြန်မာကိုလေးစား ” ဆိုတဲ့ သုတေသန စာတမ်းမှာလည်း ဖော်ပြထားပါတယ်။

ဒီစာတမ်းဟာ မြန်မာရွေ့ပြောင်း ပြည်သူများရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး၊ ပူးပေါင်းပါဝင်မှု၊ ထိတွေ့ဆက်ဆံမှုနဲ့ လူထုယုံကြည်မှုဆိုင်ရာ အကြောင်းအရာတွေကို ထိုင်းတနိုင်ငံလုံးက မြန်မာရွေ့ပြောင်း ၂၀၉ ဦးအပေါ် အသေးစိတ် လေ့လာထားမှု စာတမ်း ဖြစ်ပါတယ်။

စာတမ်းမှာ ဖော်ပြထားချက်အရ ဒီလူ ၂၀၉ ဦးစလုံးဟာ မဲမထည့်ခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်မှုကို ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။

စာတမ်းတွေ့ရှိချက်တွေကတဆင့် ထိုင်းနိုင်ငံ အစိုးရသို့ အကြံပြုချက်ဆိုတဲ့ အပိုင်းလည်းပါဝင်ပြီး ဒီအပိုင်းမှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိမှတ် မပြုဖို့၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းများနဲ့ သက်ဆိုင်တဲ့ ထိုင်းအစိုးရလုပ်ပိုင်ခွင့်ထဲက ဖြေလျော့ပေးနိုင်တာတွေကို ဖြေလျော့ပေးဖို့ဆိုတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါဝင်ပါတယ်။

“ ကျွန်တော်တို့ အဖွဲ့ဝင် တဦးလည်း ဒီကာလထဲမှာ သက်တမ်းသွားတိုးတယ်။ မဲထည့်ရမယ်ဆိုလို့ မတိုးပဲပြန်လာခဲ့တယ် ဆိုတဲ့ အခြေအနေပေါ့နော် ” လို့ BASC ရဲ့ ဒါရိုက်တာတဦးဖြစ်သူ ဒေါက်တာ လွမ်းဝေက DNA ကိုပြောပါတယ်။

BASC က စာတမ်းအတွက် လူတွေ့မေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ မြန်မာရွေ့ပြောင်းတွေဟာ စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်နေလို့ ဆန့်ကျင်ငြင်းဆန်ကြတာမျိုးထက် ဒီမိုကရေစီ နည်းလမ်းတကျ ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ယုံကြည်ကြတာကြောင့် ဆန့်ကျင်ကြခြင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဓိကထား ဖော်ပြထားပါတယ်။

ဒေါက်တာ လွမ်းဝေက “ အဓိကကတော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို မဖြေရှင်းနိုင်ဘူးလို့ သူတို့လက်ခံထားကြတယ်။ ဒါကိုလည်း သူတို့က အခြေအနေတွေကို နှိုင်းယှဉ်ပြီး ရှင်းပြနိုင်ကြတယ် ” လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာရွေ့ပြောင်းတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ရတဲ့အကြောင်းအရာ ခိုင်ခိုင်လုံလုံ ရှိနေပါတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပန်းရောင်ကဒ် (Pink Card)လို့ အလွယ်ခေါ်ကြတဲ့ နိုင်ငံခြားသား အလုပ်သမား နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားကို အမှီပြု နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီရှိပါတယ်။

ဒီပန်းရောင်ကဒ်(Pink Card)ရဲ့ သတ်မှတ်ချက်မှာ ကိုယ်အလုပ်လုပ်ကိုင်ရာ နေရာဝန်းကျင်မှာသာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိပြီး အလုပ်ပြောင်းတာအပါအဝင် ခရီးသွားလာရေး ကိစ္စတွေမှာတော့ အကြုံးမဝင်နေပါဘူး။

ဒါကြောင့် ပန်းရောင်ကဒ်ကနေရတဲ့ Work Permit ကို Non-LA ဗီဇာအဖြစ်ပြောင်းပြီး CI နဲ့ Passport တွေထဲကို ထည့်သွင်းရပါတယ်။ ဒါမှသာ အလုပ်ပြောင်းတာ၊ နယ်ကျော်ခရီးသွားတာ၊ ဘဏ်အကောင့်ဖွင့်တာ စတာတွေအပြင် အခြားသော အခြေခံ အခွင့်အရေးတချို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်  CI နဲ့ Passport ပြုလုပ်တာ၊ သက်တမ်းတိုးတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ကိုင်တွယ်နေပြီး အဲ့ဒီရဲ့နောက်မှာ အခွန်စည်းကြပ်မှုတွေကိုပါ ထပ်ဆင့်လုပ်ကိုင်နေသလို ဒီကိုင်တွယ်မှုကိုလည်း ထိုင်းအစိုးရက လက်ခံထားပါတယ်။ ဒါကြောင့် မြန်မာရွေ့ပြောင်းတွေဟာ စစ်ကောင်စီကို မဖြစ်မနေ ပတ်သက်နေရတဲ့ အခြေအနေဖြစ်နေတာပါ။

“ကျွန်တော်တို့ ဆက်တိုက်ပြောနေတယ်။ စစ်ကောင်စီကိုပေးရမယ့် အခွန်တွေ ငွေတွေကို ထိုင်းအစိုးရထံ ကြည်ကြည်ဖြူဖြူပေးပါမယ်။ စစ်ကောင်စီနဲ့ ဆက်စပ်နေရတဲ့ ဒီပရောဆက်ကြီးကို ပုံစံတမျိုး ပြောင်းပေးပါပေါ့။ သူတို့လုပ်ပေးလို့ရတယ်လေနော်  ” လို့ AAC (လက်တွဲကူညီ) အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

AAC အဖွဲ့တည်ရှိခဲ့တာ ဆယ်စုနှစ် တခုရှိနေပြီဖြစ်တာကြောင့် မြန်မာရွေ့ပြောင်းတွေ နေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် စစ်ကောင်စီနဲ့ မပတ်သက်ပဲ ထိုင်းအစိုးရက ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ ရှိတယ်လို့ သူတို့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရှင်းပြပါတယ်။

ချင်းမိုင်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာန၊ နိုင်ငံတကာရေးရာဌာနက ကထိက ဒေါက်တာ သိရဒါ ခေမာနိဋ္ဌာထိုင်း ကလည်း ရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် စစ်ကောင်စီက ဖန်တီးထားတဲ့ အစိုးရဟာ သူတို့ရဲ့ တရားဝင်မှုကို အကြောင်းပြပြီး ပြည်ပထွက်ခွာမှု၊ နယ်စပ်ဖြတ်ကျော် သွားလာမှု၊ ပြည်ပရောက် နိုင်ငံသားတွေကို ထိန်းချုပ်ဖို့ နိုင်ငံကူးလက်မှတ် (Passport) အမျိုးအစားတွေကို ပြောင်းလဲခြင်း စတဲ့ ထိန်းချုပ်မှုကို ယန္တရားတစ်ခုအဖြစ် အသုံးချလာမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒေါက်တာ သိရဒါ ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ထိုင်းရောက် မြန်မာတွေအပေါ် ရိုက်ခတ်လာနိုင်ချေ ရှိတယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာရွှေ့ပြောင်း လုပ်သားများနေ့အထိမ်းအမှတ် ဆွေးနွေးပွဲအတွင်း “၂၀၂၅ မြန်မာ့ရွေးကောက်ပွဲနှင့် မတည်ငြိမ်မှုများကြောင့် ရွှေ့ပြောင်းသွားလာမှု အလားအလာ” ခေါင်းစဉ်နဲ့ ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ထိုင်းရောက် မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ သုတေသနပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေဟာ ထိုင်းအာဏာပိုင်တွေဆီကို နည်းလမ်းမျိုးစုံ အသုံးပြုချည်းကပ်ကာ ရှင်းလင်းတင်ပြ မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြပါတယ်။

“ ကျွန်မတို့ အကြောက်ဆုံးက။ ကျွန်မတို့ကို ဖြေကြားခဲ့ကြတဲ့သူတွေ အကြောက်ဆုံးက ရွေးကောက်ပွဲပြီးပြီ နင်တို့ပြန်ကြတော့လို့ ပြောမှာကိုပဲ ” လို့ BACS ရဲ့ ဒါရိုက်တာ တဦးဖြစ်သူ မခရစ္စ က ဆိုပါတယ်။

ဒီအခြေအနေကို BACS တင်မက ဒေါက်တာ သိရဒါ ကလည်း မှတ်ချက်ပြုထားသလို အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ကော်မတီ (ASECC) ရဲ့ “မပြိုင်ခင်ကပင် နိုင်နှင့်သည်” ဆိုတဲ့  သုတေသန စာတမ်းမှာလည်း ဒီအချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

 

ဦးခိုင်ကြီးကတော့ “ ကျွန်တော်တို့ အလုပ်သမားထုဟာ ဒီလိုအခြေအနေကို ကြောက်လို့ ဒီရွေးကောက်ပွဲကို လက်မခံကြောင်း ဒီလောက်ထင်ထင်ရှားရှား ပြသနေကြ၊ ပြသခဲ့ကြတာပါ။ ထိုင်းအစိုးရ အနေနဲ့ ဒါတွေကို သိပါစေ မြင်ပါစေလို့ ဆုတောင်းနေပါတယ် ” တဲ့။

#မြန်မာ #ရွေ့ပြောင်းလုပ်သား  #ရွေးကောက်ပွဲ  #ထိုင်း

#CanadaFund #CanadafundinThailand

@canadainthailand

#HaRDstories, #hrdstories

@HRDStories

#DeltaNewsAgency #DNA

@deltanewsagency