
အောက်တိုဘာ ၂၆ ရက်က စတင်ထွက်ခွာလာတဲ့ ဒီခရီးစဉ်ဟာ ရက်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပြီး လူ့အဖွဲ့အစည်းကြားက ကွဲပြားမှုတွေကို စေ့စပ်ပေးဖို့နဲ့ မေတ္တာတရား ပြန့်ပွားဖို့ ရည်ရွယ်ထားတာပါ။
၁၈၊ ဒီဇင်ဘာ။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီ မြို့တော်အထိ မိုင်ပေါင်း ၂,၃၀၀ ရှည်လျားတဲ့ ခရီးကြမ်းကို ခြေလျင်လျှောက်လှမ်းနေကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ဒီကနေ့မှာတော့ ရက်ပေါင်း ၅၄ ရက် ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က စတင်ထွက်ခွာလာတဲ့ ဒီခရီးစဉ်ဟာ ရက်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပြီး လူ့အဖွဲ့အစည်းကြားက ကွဲပြားမှုတွေကို စေ့စပ်ပေးဖို့နဲ့ မေတ္တာတရား ပြန့်ပွားဖို့ ရည်ရွယ်ထားတာပါ။

လက်ရှိမှာတော့ အဖွဲ့ဟာ အလာဘားမားပြည်နယ်ထဲကို ဖြတ်သန်းချီတက်နေကြပါပြီ။
ခရီးစဉ်အစောပိုင်း နိုဝင်ဘာလတုန်းက တက္ကဆက်ပြည်နယ်၊ ဒေးတွန်မြို့အနီးမှာ ကုန်တင်ကားတစီးက အဖွဲ့ရဲ့ ရှေ့ပြေးယာဉ်ကို ဝင်တိုက်မိခဲ့လို့ ဆရာတော်နှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အရှင်ဒမ်ဖွန်မဆန်ဟာ ခြေထောက်တဖက် ဖြတ်တောက်ကုသမှု ခံယူခဲ့ရပါတယ်။
ဒါပေမဲ့ ကျန်ရှိတဲ့ ဆရာတော်တွေကတော့ မစ်ရှင်ပြီးမြောက်ရေးအတွက် ခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြေထောက်ဖြတ်ထားရတဲ့ ဆရာတော်ဟာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနေပြီလို့ သိရပါတယ်။

ဆရာတော်တွေဟာ တနေ့ကို ဆွမ်းတစ်နပ်သာ ဘုဉ်းပေးတာ သစ်ပင်အောက် လဟာပြင်မှာပဲ သီတင်းသုံး ကျိန်းစက်တာ စတဲ့ ဓူတင်ကျင့်စဉ်တချို့ကိုလည်း ကျင့်သုံးကြပြီး နေ့စဉ်စားနပ်ရိက္ခာအတွက် လမ်းခရီးတလျှောက်က စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ မေတ္တာတရားကိုသာ မှီခိုကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၈ ဟာ ခရီးစဉ် ၅၄ ရက်မြောက်နေ့ဖြစ်ပြီး ဆရာတော်တွေဟာ အလာဘားမားပြည်နယ်၊ US-80 လမ်းမကြီးအတိုင်း ဆက်လက်ကြွချီနေကြပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမေရိကန်လွှတ်တော်အဆောက်အအုံမှာ ပြီးဆုံးမှာဖြစ်ပါတယ်။
အများပြည်သူတွေအနေနဲ့ ခရီးစဉ်တလျှောက် လိုက်ပါလမ်းလျှောက်ဖို့နဲ့ ကုသိုလ်ယူဖို့ ဖိတ်ခေါ်ထားသလို ဆိုရှယ်မီဒီယာကနေလည်း တိုက်ရိုက်စောင့်ကြည့် အားပေးနိုင်ကြောင်း အသိပေးထားတယ်။