မဲဆွယ်မယ့်ပါတီတွေ ကော်မရှင်ထံ ခွင့်ပြုချက်တင်ရာမှာ အခက်အခဲရှိနေ

“ကြံ့ခိုင်ရေးကတော့ အေးဆေးပေါ့၊ သွားချင်တဲ့နေ့ သွားတာပဲ။ စာတောင် ဟန်ပြသဘောပဲ တင်ကြတာထင်တယ်။ အသိပေးလိုက်ရင်ရပြီ”

၁၇၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်းအတွင်းက နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးရေးခရီးတွေအတွက် ရွေးကောက်ပွဲကော်မရှင်ထံ အကြိမ်ကြိမ် တင်ပြ၊ ခွင့်ပြုချက်တောင်းနေကြရတာကြောင့် အချိန်ကြန့်ကြာ၊ ငွေကုန်ကြေးကျပိုများပြီး အခက်ကြုံ နေကြရတယ်လို့ ပြောကြပါတယ်။

“ပထမဆုံး ဘယ်ရွာမှာ လုပ်မယ်ဆိုတာ စာတင်ရတယ်။ ပြီးရင် အဲဒီရွာရဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချက် သွားတောင်းပြီး ထပ်တင်ရသေးတယ်။ ပြီးမှပဲ ခွင့်ပြုပေးတယ်၊ အဲတော့ ကိုယ်စည်းရုံးရေးဆင်းမယ့် ရွာကို တခေါက် အရင်သွားလိုက်ရတယ်။ အချိန်လည်းကြန့်ကြာတယ်၊ အဆင်မပြေဘူးပေါ့ဗျာ” လို့ မြောင်းမြမြို့ နယ်မှာ ဝင်ပြိုင်မယ့် ပြည်သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။

အဲဒီလိုခွင့်ပြုချက်အတန်တန်တောင်းပြီး စည်းရုံးရေးဆင်းနေကြရတာဟာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်း မှာ ဖြစ်နေတာဖြစ်ပြီး ငွေကြေးမပြည့်စုံတဲ့ပါတီတွေအတွက်တော့ အခက်အခဲရှိနေတယ်လို့ ဆိုကြပါတယ်။

“သူတို့ပြောတာကတော့ ပါတီတွေ တိုက်မနေအောင်အတွက် စာတင်ရတာလို့ပြောတယ်။ ကျနော်တို့က မနက်ဖြန် ဟောပြောပွဲလုပ်မယ်ဆိုရင် မနက်ဖြန်မှာ တခြားပါတီ​တွေ ရှိနေလား သိရအောင်ပေ့ါ” လို့ အဆိုပါလွှတ်တော်ကိုယ် စားလှယ်လောင်းက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ အခြားသောနိုင်ငံရေးပါတီတွေကို အဲဒီလိုတင်းကြပ်မှုတွေ လုပ်နေ ပေမယ့် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆိုရင်တော့ စာတွေအတန်တန် တင်စရာမလိုဘဲ တန်းပြီးခွင့်ပြုပေးတယ်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

“ကြံ့ခိုင်ရေးကတော့ အေးဆေးပေါ့၊ သွားချင်တဲ့နေ့ သွားတာပဲ။ စာတောင် ဟန်ပြသဘောပဲ တင်ကြတာထင်တယ်။ အသိပေးလိုက်ရင်ရပြီ” လို့ ပုသိမ်မြို့မှ  ဝန်ထမ်းတဦး က ပြောပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲလို့ ကျန်ပါတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ စည်းရုံးရေးဆိုင်း ဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်တွေ၊ ပါတီဝင်တွေကို ကိုယ်ရေးကိုယ်တာအချက်အလက်တွေ စစ်ဆေးတာ၊ ခြိမ်း ခြောက်တာတွေ လုပ်နေကြတယ်လို့ ပြောကြပါတယ်။

“အစစ်အဆေးတွေ များတာပေ့ါ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုတော့ မဖြစ်ဘူး။ တချို့နေရာတွေ မှာ အုပ်ချုပ်ရေးပိုင်းတွေက ကြံ့ခိုင်ရေးအတွက် လူခေါ်ပေးတာတို့၊ စည်းရုံးပေးတာတို့ ရှိတယ်” လို့ ဟင်္သာတမြို့ နယ်မှ ပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။

အဲဒီလိုအခြေအနေတွေနဲ့ ပက်သက်ပြီး  ရွေးကောက်ပွဲ ကော်မရှင် ဝက်ဆိုဒ်မှာ တရားဝင် ကြေညာထားတဲ့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင့်လွင်ရဲ့ ဖုန်းနံပါတ်ကို  DNA က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းမှားနေတယ်လို့သာ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်ဟာ ရွေးကောက်ပွဲကို အတင်းအကြပ်ကျင်းပနေ တာမဟုတ်ကြောင်း၊ ပြည်သူအများစုကလည်း ရွေးကောက်ပွဲကို ထောက်ခံကြောင်း၊ တရားမျှတမှုမရှိဘူးလို့လည်း ပြောလို့မရကြောင်း ဆိုထားပါတယ်။

ဒါပမေယ့် နိုင်ငံရေးပါတီနဲ့ ဒေသခံတွေကတော့ အဲဒီပြောဆိုချက်ဟာ မြေပြင်နဲ့ များစွာကွဲလွဲနေပြီး ရယ်စရာဖြစ် နေတယ်လို့ တုံ့ပြန်ပြောဆိုထားကြပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။

ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။

တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။