
ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အာရှဈေးကွက်အတွင်း အမေရိကန် ရေနံစိမ်း ဈေးးနှုန်းဟာ ၁ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တစည်ကို အမေရိကန်ဒေါ်လာ ၅၅.၉၆ အထိ ရောက်ရှိခဲ့ပါတယ်။
၁၇၊ ဒီဇင်ဘာ။
ဗင်နီဇွဲလားအစိုးရရဲ့ အဓိက ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ ဖိအားပေးတဲ့အနေနဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ထွက်သွားလာနေတဲ့ ပိတ်ဆို့စာရင်းဝင် ရေနံတင်သင်္ဘောအားလုံးကို တားဆီးပိတ်ဆို့ဖို့ အမေရိကန် သမ္မတထရမ့်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အမိန့်ပေးလိုက်ပါတယ်။
ပိတ်ဆို့ခံထားရတဲ့ အဆိုပါ သင်္ဘောတွေကို ထရမ့်အနေနဲ့ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတာနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကလို သင်္ဘောတွေကို ကြားဖြတ်ဟန့်တားဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို အသုံးပြု၊ မပြု ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်အစိုးရအဖွဲ့ဟာ လေယာဉ်တင်သင်္ဘောတစင်း အပါအဝင် စစ်သင်္ဘော တဒါဇင်နီးပါးနဲ့ စစ်သည်ထောင်ပေါင်းများစွာကို အဆိုပါ ဒေသဆီ ရွှေ့ပြောင်းနေရာချထားပြီး ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူမှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှု အပါအဝင် တခြား အကြောင်းပြချက်များစွာကြောင့် ဗင်နီဇွဲလား အစိုးရအဖွဲ့ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်လိုက်ပြီ “လို့ ထရမ့်က Truth ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
“ဒါကြောင့် ဒီကနေ့မှာ ဗင်နီဇွဲလားကို ဝင်ထွက်သွားလာနေတဲ့ အရေးယူပိတ်ဆို့ခံ ရေနံတင်သင်္ဘော အားလုံးကို လုံးဝဥဿုံ ပိတ်ဆို့တားဆီးဖို့ အမိန့်ပေးလိုက်ပါပြီ”လို့ သူက ဆက်ပြောပါတယ်။
ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အာရှဈေးကွက်အတွင်း အမေရိကန် ရေနံစိမ်း ဈေးးနှုန်းဟာ ၁ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တစည်ကို အမေရိကန်ဒေါ်လာ ၅၅.၉၆ အထိ ရောက်ရှိခဲ့ပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှု လျော့ကျလာနိုင်ခြေကို ကြိုတင်တွက်ဆမှုတွေကြောင့် ဈေးနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ရေနံဈေးကွက် လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ ပိတ်ဆို့ရေးအစီအစဉ်ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာနဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမသွင်းထားတဲ့ သင်္ဘောတွေအပေါ်ပါ သက်ရောက်မှု ရှိမရှိ ဆိုတာတွေကိုတော့ ဆက်လက် စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်တခုမှာ ဗင်နီဇွဲလားအစိုးရက ထရမ့်ရဲ့ အခုလုပ်ရပ်ကို အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချထားပါတယ်။
တက္ကဆက်ပြည်နယ်က ဒီမိုကရက်တစ်ပါတီဝင် အမေရိကန် အောက်လွှတ်တော်အမတ် ဟွာကင်း ကက်စ်ထရိုက ဒီပိတ်ဆို့ရေးလုပ်ရပ်ဟာ မေးခွန်းထုတ်စရာ မလိုလောက်အောင်ကို စစ်မက်ပြုတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
“ကွန်ဂရက်လွှတ်တော်က ဘယ်တုန်းကမှ ခွင့်ပြုမထားတဲ့၊ အမေရိကန် ပြည်သူတွေ မလိုလားတဲ့ စစ်ပွဲတခုပါ”လို့ ကက်စ်ထရိုက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Ref – Reuters