
“တမင်ရွဲ့ပြီး ရယ်စရာပြောနေလားတောင် ပြန်မေးရမယ်။ မဲအတင်းပေးခိုင်းတယ်၊ မဲစာရင်းကြည့်ခိုင်းတယ်၊ မကြည့်ရင် ဖမ်းမယ် ဆီးမယ်တောင် ခြိမ်းခြောက်သေးတာ။
၁၆၊ ဒီဇင်ဘာ။
စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို အတင်းအကြပ် လုပ်နေတာမဟုတ်ကြောင်း မဲထည့်ဖို့လည်း အတင်းခိုင်း နေတာမရှိကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပေမယ့် မြေပြင်အချက်အလက်တွေနဲ့တော့ ဆန့်ကျင်ကွဲလွဲနေပါတယ်။
“တမင်ရွဲ့ပြီး ရယ်စရာပြောနေလားတောင် ပြန်မေးရမယ်။ မဲအတင်းပေးခိုင်းတယ်၊ မဲစာရင်းကြည့်ခိုင်းတယ်၊ မကြည့်ရင် ဖမ်းမယ် ဆီးမယ်တောင် ခြိမ်းခြောက်သေးတာ။ ဒါတွေက တကယ်ရှိနေတာပဲလေ။ မင်းအောင်လှိုင် ကိုယ်တိုင်ကပါ ခိုင်းနေတာ။ အဲဒါကို အတင်းမလုပ်ပါဘူးလို့ ဘယ်လိုပါးစပ်နဲ့ ပြောရဲလဲ စဉ်းစားမရဘူး” လို့ ပုသိမ်မြို့မှ အသက်သုံးဆယ်အရွယ် လူငယ်အမျိုးသမီးတ ဦးက ပြောပါတယ်။ ပုသိမ်မြို့ဟာ စစ်ကော်မရှင် ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲမှာ ပထမအသုတ်မှာ ပါဝင်နေတဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တခု ဖြစ်ပါတယ်။
စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ကျားဖြန့် အမြစ်ပြတ်နှိမ်နင်းရေးနဲ့ ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနရဲ့ အမေးအပေါ် ရွေးကောက်ပွဲ အတင်းလုပ်နေတာ မရှိကြောင်း ဖြေရှင်းခဲ့ပါတယ်။
“ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေတယ်၊ ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်ရအောင် ခင်ဗျားတို့ ကျွန် တော်တို့လည်း မြင်နေတာပဲ။ ပြည်သူလူထုလည်း မြင်နေတာပဲ။ ရွေးကောက်ပွဲကို အတင်းအကြပ် တုတ်နဲ့ ရိုက်ပြီးတော့ မင်းမဲမထည့်လို့ မနေရ၊ ရွေးကောက်ပွဲမှာ မင်းမထောက်ခံ မနေရ မလုပ်ပါဘူး။ လုပ်စရာ အကြောင်းလည်း မရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။
မြေပြင်မှာတော့ စစ်ခေါင်းဆောင်အပါအဝင် စစ်ကော်မရှင်ရဲ့ တိုင်းဝန်ကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူတွေကို မဖြစ်မနေ မဲပေးကြဖို့၊ မဲစာရင်းသွားကြဖို့ အတင်းလိုက်ပြောနေပြီး မဲမလာပေးရင်၊ မဲစာရင်းသွားမကြည့်ရင် အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတာပါ။
“ခြိမ်းခြောက်တာပေ့ါ၊ မဲမထည့်ရင်း ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်နဲ့၊ အုပ်ကြီးကိုယ်တိုင် အိမ်ကို လာပြောတယ်၊ မင်း မဲစာရင်းလာမကြည့်ဘူးနော်၊ ဘာဖြစ်ချင်နေတာလဲ၊ မကြည့်ရင် အကြောင်းသိရမယ်နော် အဲလိုမျိုးပြောတာ၊ တုတ်နဲ့ရိုက်ခိုင်းတာထက်ဆိုးတယ်” လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ အသက်သုံးဆယ်ကျော်အရွယ် ကိုကျော်ဝင်းက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအပေါ် မထောက်ခံသူတွေရှိပေမယ့် အနည်းစုသာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကို ပြည်သူအများစုထောက်ခံတယ်လို့ သူက ဆိုပေမယ့် မြေပြင်မှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူတွေကတော့ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားသူ အနည်းငယ်သာရှိပြီး သုံးပုံ နှစ်ပုံလောက်ဟာ စိတ်ပါဝင်စားမှုမရှိကြဘူးလို့ ပြောကြပါတယ်။
“၇၀ ရာခိုင်နှုန်းလောက်က မဲပေးဖို့ စိတ်မဝင်စားဘူး။ မဲပေးကြဖို့ကို အတင်းလိုက်ပြောနေရတယ်” လို့ ဧရာ၀တီတိုင်း ဟင်္သာတခရိုင်မှ ပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။
အဲဒီလို ပြည်သူစိတ်ပါဝင်စားမှု အားနေတာကြောင့် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဧရာ၀တီတိုင်း မြို့နယ်အချို့မှာ တအိမ်တက်တအိမ်ဆင်းစနစ်နဲ့ မဲစာရင်းလာစစ်၊ ပြင်ဆင်၊ ဖြည့်စွက်ခိုင်းတာတွေ လုပ်နေရပြီး ပြည်သူတွေကတော့ စိတ်ပါဝင်စားမှု အလွန်အားနည်းနေကာ ပါတီဝင်တွေ၊ ဝန်ထမ်းတွေအချို့သာ မဲစာရင်း သွားကြည့်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ပြောနေကြတာဟာလည်း နည်းလမ်းကျတဲ့ သုံးသပ်ချက် မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကော်မရှင် ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပါတီတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊ မဲဆွယ်စည်းရုံးရေးခရီစဉ်တွေမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အခွင့်အရေး ပိုပေးတာတွေ ရှိနေတယ်လို့ ပြိုင်ဘက် နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“စည်းရုံးရေးအတွက် စာတင်တာမှာတောင် တန်းတူမရှိဘူး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်လုံးကိုတောင် စရဖက ကိုယ်ရေးအချက်အလက် လာစစ်တာရှိသေးတယ်၊ အဲဒါတွေ ကွာတာလေ၊ မျှတမှုက ဘယ်ရှိမလဲ၊ အခွင့်ရေးပိုရနေသူတွေ ရှိတာပေ့ါ” လို့ ဧရာ၀တီတိုင်းအတွင်းမှ ပါတီအမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတဦးက ပြောပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။