ပါကစ္စတန်တွေရဲ့ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် ကလေးငယ် ကိုးဦး သေဆုံးခဲ့တယ်လို့ တာလီဘန် ထုတ်ပြန်

ပါကစ္စတန်နှင့် အာဖဂန် စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး ဒါဟာ ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပဋိပက္ခဖြစ်ခဲ့ပါတယ်။

၂၅၊ နိုဝင်ဘာ။

အာဖဂန်နစ္စတန်နိုင်ငံ၊ ခိုစ့်ပြည်နယ်ရှိ ဒေသခံတစ်ဦးရဲ့ နေအိမ်ကို ပါကစ္စတန်တပ်ဖွဲ့ဝင်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ကလေးငယ် ကိုးဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ အာဖဂန်တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်က ဒီနေ့ နိုဝင်ဘာလ ၂၅ရက်နေ့မှာ ပြောပါတယ်။

ပါကစ္စတန်တပ်ဖွဲ့တွေဟာ ကူနာနဲ့ ပက်တီကာ ပြည်နယ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မစ္စတာ မူဂျာဟစ်က ဆက်လက်ပြောပြပါတယ်။

“မနေ့ည ၁၂ နာရီက ခိုစ့်ပြည်နယ်၊ ဂါဘ်ဇဝိုခရိုင်မှာ ကျူးကျော်ဝင်ရောက်လာတဲ့ ပါကစ္စတန်တပ်ဖွဲ့တွေက ဒေသခံပြည်သူ ဝီလာယက်ခန်ရဲ့ နေအိမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ကိုးဦး (ယောက်ျားလေး ငါးဦးနဲ့ မိန်းကလေး လေးဦး) အပါအဝင် အမျိုးသမီးတဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်လည်း ပျက်စီးခဲ့ရပါတယ်”လို့ မစ္စတာ မူဂျာဟစ်က သေဆုံးသူတွေရဲ့ ဓာတ်ပုံနဲ့တကွ X လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ရုံးချိန်ပြင်ပမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပါကစ္စတန်စစ်တပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆီက မှတ်ချက်တစ်စုံတစ်ရာရရှိဖို့ အဆက်အသွယ်မရရှိသေးဘူးလို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်တစ်ခုမှာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်တနေ့မှာပဲ အခုလို လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံထားတာတွေ မရှိသေးပါဘူး။ အခုလအတွင်း ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မှာလည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

ပါကစ္စတန်နှင့် အာဖဂန် စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး ဒါဟာ ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပဋိပက္ခဖြစ်ခဲ့ပါတယ်။

နှစ်ဘက်စလုံးဟာ ပြီးခဲ့တဲ့လက ဒိုဟာမြို့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အခြေစိုက်ပြီး ပါကစ္စတန်ကို ရန်လိုတဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေးကိစ္စမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် တူရကီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရေရှည်သဘောတူညီချက်မရရှိဘဲ ပျက်ပြားခဲ့ရပါတယ်။

Ref – Reuters