
“သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြန်ပြီးတော့ တခြားသူတွေကို လက်ညှိုးထိုးပြီး ဒါယုတ်မာအောက် တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော် နေတာသာဖြစ်ပါတယ်”
၁၉၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ ဖမ်းဆီးရမိခဲ့တဲ့ ကျပ်ဘီလီယံ ၁၂၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို အာရက္ခတပ်တော် (AA)နဲ့ ဆက်စပ်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားတာဟာ မှန်ကန်မှုမရှိဘဲ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော်တာသာဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုန့်ပြန်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ ပုသိမ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း ဂိုဒေါင်အမှတ်(၁၉) မြေအောက်ခန်းအတွင်း သိုဝှက်ထားတဲ့ စိတ်ကြွရူးသွပ်ဆေး ICE ၄၀၀၀ ကီလိုဂရမ်ကို AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းဆိုသူနဲ့ ပုသိမ်မြို့မှာ မူးယစ်ဆေးဝါးထိန်းသိမ်းပေးသူ လမင်းခန့်ဆိုသူတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ နို၀င်ဘာ ၁၈ ရက်ထုတ် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေဟာ စစ်ကော်မရှင်က သူတို့ကိုယ်တိုင်ထုတ်လုပ်၊ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး အဲဒါတွေကို ထုတ်ပြကာ တခြားသူတွေအပေါ် လက်ညိုးထိုး၊ ယုတ်မာအောက်တန်းကျတဲ့ နိုင်ငံရေးအောက် လုံးတွေနဲ့ တိုက်ကွက်ဖော်တာသာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ရာဇဝတ်ဂိုဏ်းရဲ့ မရိုးနိုင်တဲ့ အခြေအမြစ်မရှိ လုပ်ကြံဖန်တီးစွပ်စွဲ ဝါဒဖြန့် မှုတခုပဲဖြစ်ပါတယ်။ အရင်တုန်းကလည်း ဒီလိုမျိုးအကြိမ်ကြိမ် စွပ်စွဲဖူးပါတယ်။ ဒီကိစ္စကတော့ ကျနော်တို့နဲ့ ဘာမှ ပက်သက်မှုမရှိပါဘူး။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက သူတို့မူးယစ်ဆေးဝါး စက်ရုံတွေက သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြန်ပြီးတော့ တခြားသူတွေကို လက်ညှိုးထိုးပြီး ဒါယုတ်မာအောက် တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော် နေတာသာဖြစ်ပါတယ်”လို့ DNA ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ စစ်ရေး၊ နိုင်ငံရေးအရ အခက်အခဲ၊ အကြပ်အတည်းတွေ ဖြစ်လာတဲ့အချိန်တိုင်းမှာ အခုလိုမျိုး မူးယစ်ဆေးဝါးနဲ့ စွပ်စွဲတဲ့ကိစ္စတွေ တောက်လျှောက်လုပ်နေခဲ့တာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ပုသိမ်ဒေသခံတဦးကလည်း အခုဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ စစ်ကော်မရှင်နဲ့ ဆက်စပ်နေပြီး မူးယစ်ဆေး ဝါးသိုလှောင် ထိန်းသိမ်းထားတဲ့ နေရာအချို့ကလည်း စစ်ကော်မရှင် လက်အောက်ခံတွေ ပိုင်ဆိုင်တဲ့ နေရာတွေဖြစ်ကြောင်း ၊ စစ်ကော်မရှင်အနေနဲ့ ဧရာ၀တီတိုင်းအတွင်း မူးယစ်ဆေးဝါးတွေကို လစဉ် လိုင်းကြေးကောက်ခံကာ ရောင်းချခွင့် ပြုနေကြောင်း ပြောပါတယ်။
“သူတို့ပဲ လိုင်းကြေးကောက် ရောင်းခွင့်ပေးနေတာ၊ နယ်တိုင်းမှာရှိတယ်၊ အုပ်ကြီးတွေ၊ ရဲတွေက လိုင်းကြေးလစဉ် ကောက်နေတာ၊ ပုသိမ်မှာလည်း မူးယစ်ဆေးဒိုင်ကြီးတွေကအစ၊ ကုန်သည်ကြီးတွေထိ ခွင်ပြုထားတာတွေ ကြားနေရတာပဲ” လို့ ပုသိမ်မြို့မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပုသိမ်မြို့ပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပြီး ဆက်လက်စစ်ဆေးရာ နိုဝင်ဘာ ၅ ရက်ကနေ ၁၆ ရက်အတွင်း ဆက်စပ်သူအမျိုးသား ၂၄ ဦးနဲ့ M4 ၊ A1 အပါအဝင် သေနတ်အချို့၊ ကုန်တင်သင်္ဘော နှစ်စင်းကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ၊ အဆိုပါမူးယစ်ဆေးဝါးတွေဟာ ရခိုင်နဲ့ မလေးရှားနိုင်ငံတို့ဆီ ပေးပို့မယ့် မူးယစ်ဆေးဝါးတွေဖြစ်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ ယခင်တုန်းကလည်း AA အပေါ် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပက်သက်နေကြောင်း၊ ရန်ကုန်အပါ အဝင် အခြားမြို့တွေမှာ ဖမ်းဆီးရမိတဲ့ ကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ AA ရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ကြောင်း စွပ်စွဲပြောဆိုချက်တွေ မကြာခဏလုပ်နေခဲ့တာဖြစ်ပါတယ်။
အဲဒီလို မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ဆက်စပ်ကြောင်း စွပ်စွဲချက်တွေအပေါ် AA ကတော့ အမြဲတမ်း ငြင်းဆိုလေ့ရှိပါတယ်။