
အမေရိကန်-ဆော်ဒီ ဆက်ဆံရေးကို အကြီအကျယ်ဂယက်ရိုက်ခတ်ခဲ့တဲ့ သတင်းထောက် ခါရှော့ဂီလုပ်ကြံသတ်ဖြတ်ခံမှု ဖြစ်ပွားပြီးနောက်ပိုင်း အခုခရီးစဉ်ဟာ ဆော်ဒီမင်းသားရဲ့ ပထမဆုံးအကြိမ် အမေရိကန်ခရီးစဉ် ဖြစ်ပါတယ်။
၁၉၊ နိုဝင်ဘာ။
၂၀၁၈ ခုနှစ်က ဆော်ဒီ သတင်းထောက် ခါရှော့ဂီ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်အနေနဲ့ ဘာမှမသိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
အိမ်ရှေ့မင်းသားကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပြီး ထရမ့်ရဲ့ မှတ်ချက်စကားဟာ ၂၀၂၁ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
အဆိုပါ ထောက်လှမ်းရေးအစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်က အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတင်းထောက် ခါရှော့ဂီလုပ်ကြံခံရတဲ့ စစ်ဆင်ရေးကို အိမ်ရှေ့မင်းသားက ခွင့်ပြုပေးခဲ့တယ်လို့ အတည်ပြုဖော်ပြထားတာပါ။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှားအယွင်းတစုံတရာ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားတဲ့ အိမ်ရှေ့မင်းသားက ခါရှော့ဂီ သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးဖို့ ဆော်ဒီအာရေဗျအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီဖြစ်သလို နာကျင်ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ အိမ်ဖြူတော်ကို ရောက်လာချိန် ပြောခဲ့ပါတယ်။
အမေရိကန်-ဆော်ဒီ ဆက်ဆံရေးကို အကြီအကျယ်ဂယက်ရိုက်ခတ်ခဲ့တဲ့ သတင်းထောက် ခါရှော့ဂီလုပ်ကြံသတ်ဖြတ်ခံမှု ဖြစ်ပွားပြီးနောက်ပိုင်း အခုခရီးစဉ်ဟာ ဆော်ဒီမင်းသားရဲ့ ပထမဆုံးအကြိမ် အမေရိကန်ခရီးစဉ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တစ်ဦးက အဆိုပါအမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရာမှာ ထရမ့်က အခုလို ပြောဆိုခဲ့ပါတယ်။
“ခင်ဗျားပြောနေတဲ့သူက အလွန်အငြင်းပွားဖွယ်ကောင်းတဲ့သူပါ ၊ ခင်ဗျားပြောနေတဲ့ အဲ့ဒီပုဂ္ဂိုလ်ကို လူတော်တော်များများက မကြိုက်ကြဘူး။ သူ့ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမှုအခင်းဆိုတာ ဖြစ်တတ်စမြဲပါပဲ ၊ ဒါပေမဲ့ သူ (အိမ်ရှေ့မင်းသား) က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိပါဘူး”လို့ ထရမ့်က ထပ်လောင်းပြောခဲ့ပါတယ်။
ခါရှော့ဂီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဆော်ဒီအရာရှိ ဒါဇင်နဲ့ချီ အရေးယူပိတ်ဆို့မှုတွေ ခံခဲ့ရပေမဲ့ အိမ်ရှေ့မင်းသားကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ အရေးယူမှုတွေတော့ မရှိခဲ့ပါဘူး။ အင်္ဂါနေ့မှာ ခါရှော့ဂီရဲ့ ဇနီးဖြစ်သူက သူ့ရဲ့ ခင်ပွန်း အသတ်ခံရမှုအတွက် တောင်းပန်ဖို့ အိမ်ရှေ့မင်းသားကို တောင်းဆိုလိုက်ပြီး လူသတ်မှုအတွက် ဘယ်လိုမှ ဆင်ခြေပေးလို့ မရနိုင်ကြောင်း ဆိုထားပါတယ်။
“အိမ်ရှေ့မင်းသားက စိတ်မကောင်းဘူးလို့ ပြောတဲ့အတွက် ကျွန်မနဲ့ လာတွေ့ပြီး တောင်းပန်သင့်တယ်။ ပြီးတော့ ကျွန်မခင်ပွန်း ခါရှော့ဂီ အသတ်ခံရမှုအတွက် လျော်ကြေးပေးသင့်ပါတယ်” လို့ ဟာနန် အယ်လ်အေတာ ခါရှော့ဂီက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူဟာ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့်ရထားပြီး ဝါရှင်တန်ဒီစီမှာ နေထိုင်နေတာပါ။
နိုဝင်ဘာ ၁၈ရက်နေ့က ပြုလုပ်တဲ့ ထရမ့်နဲ့ မိုဟာမက်ဘင်ဆယ်လ်မန်တို့ရဲ့ တွေ့ဆုံပွဲမှာ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ အမေရိကန်မှာ ဆော်ဒီရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အခုနှစ် အစောပိုင်းက ကတိပြုထားတဲ့ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၆၀၀ ဘီလီယံကနေ ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၁ ဘီလီယံ) အထိ တိုးမြှင့်သွားမယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသားက ပြောခဲ့ပါတယ်။
Ref – BBC